တရုတ်အာလူးကြောင့် မြန်မာအာလူးစိုက်တောင်သူများ အရှုံးပေါ်နေ
DVB
·
January 29, 2020

မြန်မာနိုင်ငံထဲကို တရုတ်နိုင်ငံဘက်ကနေအာလူးတွေ အကန့်အသတ်မရှိ တင်သွင်းနေတာကို အစိုးရက ထိန်းချုပ်ခြင်းမရှိတဲ့အတွက် ပြည်တွင်းဒေသထွက် အာလူးတွေစျေးကောင်း မရတော့ဘဲ မြန်မာအာလူးစိုက်တောင်သူတွေ အရှုံးပေါ်ပြီး အခက်တွေ့ကြုံနေရပါတယ်။
အာလူးမျိုးတွေကို ပြည်ပကနေ တပိဿာ ကျပ် ၂၀၀၀ ဝန်းကျင် အခွန်ဆောင်ဝယ်ယူစိုက်ပျိုးနေရပြီး စျေးကွက်မှာ ပြန်ရောင်းရင် တပိဿာ ၇၀၀ ဝန်းကျင်သာရရှိတဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ရတာပါ။
တရုတ်အာလူးတွေဟာ ရန်ကုန်၊ မန္တလေးတွေမှာ အဝင်များပြီး စျေးပေါပေါနဲ့ရတဲ့အတွက် ဒေသထွက်အာလူးကို ဝယ်လိုအားလျော့သွားတာဖြစ်ပါတယ်။
တရုတ် အာလူးဝင်လာတဲ့အတွက် အာလူးစိုက်တောင်သူတွေအပြင် ပွဲရုံတွေလည်း အခက်အခဲဖြစ်စေတယ်လို့ အောင်ပန်းမြို့ ရွှေသရဖူ အာလူးပွဲရုံက ဦးခွန်မောင်ပေါ် က ပြော ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသမှာ အာလူးစိုက်ခင်း ဧက သောင်းဂဏန်းရှိပြီး တစ်နှစ်ကို သုံးကြိမ်စိုက်ပျိုးကြပါတယ်။
စျေးကွက်အာမခံမရှိတဲ့အပြင် တရုတ်အာလူးက ဘယ်လိုလမ်းကြောင်းကြောင့် တင်သွင်းခွင့်ရနေတာလည်းဆိုတာမသိပေမယ့် အခုနှစ်မှာ မြန်မာအာလူးစိုက်တောင်သူတွေကတော့ အရှုံးနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပင်လောင်းဒေသမှာ အာလူးစိုက်တောင်းသူတွေအတွက် အစိုးရအနေနဲ့ မြေပြင်ပေးတာ၊ စိုက်ပျိုးရေး စနစ်ပေးတာ၊ ကွင်းဆင်းsurvey ပြုလုပ်တာတွေမရှိတဲ့အတွက် မိရိုးဖလာနဲ့ စိုက်ပျိုးလာတဲ့ တောင်သူက အများစုဖြစ်ပါတယ်။
တကယ်လို့ တရုတ်ပြည်ကနေ သွင်းလာတဲ့အာလူးတွေကို ထိန်းချုပ်မှုမရှိရင် ပြည်တွင်းအာလူးစိုက်တောင်သူတွေ ပျောက်ကွယ်သွားနိုင်တဲ့အနေအထားရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဟဲဟိုး၊ ကလော၊ တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ ညောင်ရွှေ ဒေသမှာ အာလူးစိုက်ပျိုးမှုအနည်းကျဉ်းရှိပေမယ် ပင်လောင်မြို့နယ်မှာ အာလူးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
သတင်း- ခွန်ရာဇာ