Home
မြန်မာသတင်း
အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်
DVB
·
January 28, 2020
အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မကျင့်ပြုကျင့်ကာ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးမှာ စွန့်ပစ်ထားခဲ့တဲ့ တရားခံကို ဇန်နဝါရီ ၂၈ ရက်  ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၃၀ အမိန့်ချမှတ်လိုက်ပါတယ်။ အဓမ္မပြုကျင့်မှုအတွက်‌ ထောင်ဒဏ် ၂၀ နှစ်၊ ကလေးခိုးယူမှုအတွက် ထောင်ဒဏ် ၅ နှစ်၊ နာကျင်စေမှုအတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်အားလုံးပေါင်း နှစ် ၃၀ ကျခံစေဖို့ အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအမှုမှာ ကလေးငယ်ဘက်က လိုက်ပါကူညီပေးနေတဲ့ ကလေးသူငယ်နှင့် အမျိုးသမီး အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးကွန်ယက်မှ မမြအေးငြိမ်းက " ပုဒ်မ၃၇၆ အတွက် ပုံမှန်နှစ် ၂၀ အမိန့်ချတာ ကျမတို့ လက်ခံတယ်။ ကလေးလေးက မျက်လုံးထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းသွားတယ်။ အဲဒီအတွက်ပေးတဲ့ပြစ်ဒဏ် ၅ နှစ်က မမျှတဘူးလို့မြင်တယ်။ အဲဒီအတွက် ကလေးမိဘတွေနဲ့ ကျမတို့ လိုက်ပါကူညီပေးတဲ့အဖွဲ့တွေက အဖြေရှာပြီး တခုခု ဆက်လုပ်သွား ပါမယ်" လို့ ပြောပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီလောက်မှာ မိဘတွေ အလုပ်လုပ်တဲ့ အလုပ်ရုံကနေ စက်ဘီးနဲ့ စျေး၀ယ်ထွက်စဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်တရက်အကြာမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို သူပျောက်ဆုံးတဲ့ နေရာနဲ့ မိုင်သုံးဆယ်ခန့်အကွာ မန္တလေး-ပြင်ဦးလွင် ကားလမ်းနံဘေး ခြုံပုတ်တခုထဲမှာ အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိတဲ့ လက္ခဏာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအမှုအတွက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူလို့ ယူဆရသူရဲ့ ဓာတ်ပုံတွေကို အင်တာနက် ကနေတဆင့် ဖြန့်ဝေအကူအညီတောင်းခံမှုတွေ၊ လိုက်လံစုံစမ်းခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ တရားခံကိုဖမ်းဆီးရမိကာ တရားစွဲဆိုနိုင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024