ဘဂ္ဂဒက်ရှိ အစိုးရဆန့်ကျင်ရေး သပိတ်စခန်း စီးနင်းခံရ

Reuters/Thaier al-Sudani
အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က တာရီအာရင်ပြင်မှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို အီရတ် လုံခြုံရေးတပ်က ဇန်နဝါရီ ၂၅ ရက်မှာ စီးနင်းခဲ့ပါတယ်။ လချီ သပိတ်စခန်းဖွင့်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေက ပြောပါတယ်။ အသေအပျောက်စာရင်းအစီရင်ခံစာကို ချက်ချင်း မရသေးပေမယ့် အဲဒီနေ့အစောပိုင်းက ရဲတွေနဲ့ ထိပ်တိုက်တွေ့ရာမှာ လူ ၇ယောက်ထက် မနည်း ဒဏ်ရာရတယ်လို့ ဆေးဘက်နဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။  ဘဂ္ဂဒက်မြို့တော် တိုက်ဂရစ်မြစ်ပေါ်က အဓိက တံတားတစင်းထက် မနည်းနဲ့ တာရီအာ ရင်ပြင်နားမှာ တားထားတဲ့ ကွန်ကရစ်အရံအတားတွေကို အာဏာပိုင်တွေက စတင်ဖယ်ရှားချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။  နိုင်ငံတောင်ပိုင်းက ဘတ်စ်ရာမြို့မှာလည်း ဆန္ဒပြသူတွေ ထပ်ပြီး စုမလာအောင် ထိုင်သပိတ် မှောက်နေတဲ့ အဓိကသပိတ်စခန်းကို လုံခြုံရေးတပ်တွေက ညတွင်းချင်း စီးနင်းခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဘတ်စ်ရာမြို့မှာ ရဲတွေက ဆန္ဒပြသူ ၁၆ ယောက်ထက် မနည်းကို ဖမ်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up