ပညာသင်ကာလတိုးမြှင့်သည့်အပေါ် မုံရွာပညာရေးကောလိပ် ကျောင်းသားကျောင်းသူများ ဆန္ဒပြ
Aung Ko Latt
·
January 21, 2020
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလတိုးမြှင့် သတ်မှတ်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပညာရေးကောလိပ်က ကျောင်းသားကျောင်းသူတွေ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို မုံရွာပညာဂရးကောလိပ်အပြင် မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်တို့က ကျောင်းသားသမဂ္ဂတွေ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားကျောင်းသူတချို့လည်း လာရောက်ပူးပေါင်းခဲ့ကြပြီး အင်အား ၃၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
မုံရွာပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂခေါင်းဆောင်တဦးက "ကျနော်တို့ ကျောင်းသားကျောင်းသူတွေပဲ ကန့်ကွက်နေလို့ မရပါဘူး။ ရန်ကုန်ဘက်မှာလည်း မိဘပြည်သူတွေက လက်မှတ်ထိုး ကန့်ကွက်ဖို့ လုပ်ဆောင်နေပါပြီ။ မနေ့က မန္တလေးပညာရေး ကောလိပ်က ကျောင်းသားကျောင်းသူတွေရယ်၊ ခြေခံပညာရေးဆရာများသမဂ္ဂရယ် ပူးပေါင်းဆန္ဒပြ ခဲ့တယ်။ ဒီနေ့ ကျနော်တို့ လုပ်တယ်။ ဒီလိုလုပ်တဲ့အချိန်မှာ ကျောင်းတွင်းမှာ လုပ်နေရုံနဲ့ မိဘပြည်သူတွေ သိမလာနိုင်ဘူး။ လမ်းပေါ်ထွက်ပြမယ်။ ဒီလိုပြတဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာဗာပေးထားတဲ့ ကျောင်းသားတွေကို ဖိနှိပ်တဲ့ ငြိမ်းစုစီနဲ့ငြိပါတယ်။ မကြောက်ပါဘူး။ အာဏာရှင်တွေရှိနေသရွေ့ ကျနော်တို့ တော်လှန်သွားပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ဆန္ဒပြပွဲက ငြိမ်းစုစီမတင်ဘဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက အရေးယူမယ် မယူဘူးဆိုတာတော့ မသိရသေးပါဘူး။
ဆန္ဒပြပွဲမှာတော့ အခြေခံပညာစာသင်ကာလ တိုးမြှင့်ခြင်းအား ပြန်လည်ဖျက်သိမ်းပေးရေး၊ အာဏာရှင်ဆန်သော ပညာရေးပြောင်းလဲမှု အလိုမရှိ၊ သုတေသနကို အခြေမခံသော ပညာရေးပြုပြင်ပြောင်းလဲရေး အလိုမရှိ၊ ဒီမိုကရေစီနှင့်အညီ ကောင်းမွန်သော ပညာရေးစနစ် ဖော်ဆောင်ရေး၊ အောက်ခြေ၏အသံကို လျစ်လျုရှုသော ပညာရေးအကြီးအကဲများ အလိုမရှိ စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြသလို ပိုစတာတွေကိုလည်း ကိုင်ဆောင်ချီတက်ခဲ့ ကြပါတယ်။
ပညာရေးကောလိပ်မှတဆင့် သာစည်လမ်း၊ ဗိုလ်ချုပ်လမ်းတို့အတိုင်း ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြရာလမ်းတလျှောက်မှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကန့်ကွက်ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
ပညာရေးဝန်ကြီးဌာနကနေ မတ်လ ၂၅ ရက်နေ့အထိ အခြေခံပညာရေးက ကျောင်းသားကျောင်းသူတွေ ကျောင်းချိန်ပြည့် တက်ရမယ်ဆိုတဲ့အပေါ်မှာတော့ မုံရွာ၊ မန္တလေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ ပုသိမ် စတဲ့ ပညာရေးကောလိပ်တွေကလည်း ဆက်တိုက်ဆိုသလို ဆန္ဒပြနေကြတာပါ။