မြန်မာကလာသည့် လှေစီးဒုက္ခသည်များကို သိရီလင်္ကာလူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်
DVB
·
February 21, 2013
သိရီလင်္ကာနိုင်ငံ ရေတပ်က ကယ်တင်ခဲ့တဲ့ မြန်မာပြည်ကလာတဲ့သူ ၃၂ ဦးကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ထားတယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က သိရီလင်္ကာရေတပ်က လှေစီးဒုက္ခသည် ၃၂ ဦးကို ကယ်တင်ခဲ့တာဖြစ်ပြီး အခုတော့ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ထားတယ်လို့ သီရီလင်္ကာ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပရစ်ရှန်တာ ဂျာရာကိုဒီ (Prishantha Jayakody)က ပြောပါတယ်။
သူတို့တွေနဲ့ ပတ်သက်ပြီး သူက “ရေတပ်က ကယ်တင်ပြီးတော့ ဆေးရုံကို လွှဲပေးလိုက်တာဖြစ်ပါတယ်။ သူတို့ကို လူဝင်မှုကြီးကြပ်ရေးကို ကျနော်တို့လွှဲပေးလိုက်ပြီးဖြစ်ပါတယ်။ သူတို့က မြန်မာကလို့ ပြောပါတယ်။ ကျနော်အထင်တော့ မြန်မာနဲ့ ဘင်္ဂလားနယ်စပ်က လူတွေ ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။
သီရိလင်္ကာရေတပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြချက်အရ ကလေးတဦးနဲ့ လူရွယ်အမျိုးသား ၃၁ ဦးကို သီရီလင်္ကာ အရှေ့တောင်ဘက် ကမ်းခြေကနေ ရေမိုင် ၂၅၀ အကွာ သစ်သားလှေ နစ်မြုပ်တော့မယ့်အချိန်မှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ဒီလူတွေဟာ ပင်လယ်ပြင်မှာ ၂၁ ရက်ကြာ အစာမစားရဘဲ အားအင်ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၄ ဦးကို အရေးပေါ်ဆေးဝါးကုသနေတယ်လို့လည်း ပြောပါတယ်။
ဒီလ ၁၉ ရက်နေ့ထုတ် ရိုက်တာသတင်းတပုဒ်မှာတော့ ကယ်တင်ခံရသူတွေရဲ့ ပြန်ပြောပြချက်ကို သီရိလင်္ကာရဲက သူတို့တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားက ကျေးရွာတခုက လာကြတဲ့ မွတ်စလင်တွေဖြစ်ကြောင်းနဲ့ သူတို့လှေပေါ်က လှေဦးစီးအပါအဝင် ၉၈ ယောက်ဟာ ပင်လယ်ပြင်မှာ အစာရေစာပြတ်လပ်မှုနဲ့ ရေဓာတ်ဆုံးရှုံးလို့ သေဆုံးခဲ့ရပြီး ပင်လယ်ထဲကို မျောပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုချက်မပေးနိုင်သေးသလို လိုက်လံမေးမြန်းနေဆဲ ဖြစ်ပါတယ်။
သူတို့တွေက အင်ဒိုနီးရှားနဲ့ ဩစတြေးလျမှာ ခိုလှုံခွင့်ရှာဖွေ့ဖို့ သွားရောက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို အရှေ့ဘက်ကမ်းခြေ ရေမိုင် ၅၀ အကွာမှာ သီရီလင်္ကာရေတပ်က ကယ်တင်ခဲ့ပြီး မြို့တော် ကိုလံဘိုအနီးက ထိန်းသိမ်းရေး စခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့ သီရီလင်္ကာရေတပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။