လီဗာပူးရဲ့ ကမ်းလှမ်းမှု ငြင်းပယ်ရန်ခက်ခဲခဲ့ဟု ဂျပန်စတား ဝန်ခံ

(Picture: Getty)
လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုဟာ သူ့အတွက်ငြင်းပယ်ဖို့ ခက်ခဲတဲ့ အခွင့်အရေးတခု ဖြစ်နေတာကြောင့် အန်ဖီးလ်ကွင်းကို ရောက်ရှိလာခဲ့ရတာလို့ လီဗာပူးကစားသမားသစ် တာကုမီ မီနာမီနိုက ပြောပါတယ်။ ရတ်ဘူးလ်ဆဲလ်ဘတ် ကစားသမားဟောင်းဟာ ဇန်နဝါရီ ၁ ရက်မှာ လီဗာပူးအသင်းကို တရားဝင် ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့လီဗာပူးကစားသမားဘဝ ပထမဆုံး ပရီမီးယားလိဂ်ပွဲစဉ်ကို စပါးနဲ့ ကစားခွင့်ရနိုင်ချေ ရှိနေပါတယ်။ လီဗာပူးနည်းတူ မီနာမီနိုကို သဘောကျခဲ့တဲ့ အသင်းတွေထဲမှာ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်ခဲ့ပြီးတော့ ဂျပန်လက်ရွေးစင်ရဲ့ ပေါင် ၇ ဒသမ ၂၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေးကို သိရှိပြီးတဲ့ အချိန်မှာတော့ လီဗာပူးမြို့ခံကလပ်က မီနာမီနိုကို အရခေါ်ယူနိုင်ခဲ့ပါတယ်။  လီဗာပူးအသင်းကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို မီနာမီနိုက “လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ ကလပ်အသင်းတခုဆီက ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက်တော့ တကယ်ကို အဓိပ္ပာယ်ရှိတဲ့အရာပါပဲ” လို့ မီနာမီနိုက France Football သတင်းကို ပြောပါတယ်။  “အရမ်းကို ကံကောင်းခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားခဲ့ရပြီးတော့ ဒါဟာ ကျနော် လိုချင်ခဲ့တဲ့ ကောင်းမွန်တဲ့ အခွင့်အလမ်းတခုပါပဲ။ လီဗာပူးအသင်းက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ သိရှိခဲ့ရချိန်မှာ အရမ်းကိုပျော်ရွှင်မိပါတယ်။ အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ တွေ့ဆုံခဲ့ပြီး နည်းပြကြီး ယာဂန်ကလော့ပ်နဲ့ စကားပြောဆိုခဲ့ပြီးချိန်မှာ ကျနော်ဟာ ဒီအခွင့်အရွေးကို အသုံးချဖို့ စိတ်လှုပ်ရှားမှုက ပိုပြီးတော့ ပြင်းထန်လာခဲ့ပါတယ်။ ကျနော် အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးချိန်မှာ ယုံကြည်မှုတွေဟာလည်း ပိုပြီးတော့ ခိုင်မာလာခဲ့ပါတယ်။ ပြီးတော့ ဒီလိုမျိုး ပရိသတ်တွေရှေ့မှာ ပိုပြီးကစားချင်မိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိပါတယ်။” ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ကလော့ရဲ့ လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားတချို့နဲ့ သတင်းထွက်ပေါ်မှုတွေ ရှိနေပေမယ့် ဂျပန် လက်ရွေးစင်ကစားသမားဟာ ဒီအပြောင်းအရွှေ့ကာလအတွက် သူတို့ရဲ့ တဦးတည်းသော ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up