ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 

၂၁  ရာစု၏ ပထမဆုံးသော ဂျီနိုစိုက်အမှုကို မြန်မာပြည် ဖြေရှင်းရတော့မည်။ ICJ ၌ ဂမ်ဘီယာက မြန်မာအပေါ် စွဲချက်တင်ခဲ့သည့် Lawsuit တွင် ရိုဟင်ဂျာများအားအပါ် ဂျီနိုစိုက် ကျူးလွန်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ အမုန်းဖန်တီးပြီး၊ ပါ၀င်ပက်သက်ခြင်း၊ ကြံရာပါအသွင် တရားမမျှတခြင်း၊ ရပ်တန့်အောင် မကြိုးစားသလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် ကုလ Genocide Convention  ပဋိညာဉ် ခံဝန်ကတိ Article-I, III, IV, V, VI တို့အား ချိူးဖောက်ကြောင်း ပါဝင်သည်။ မြန်မာတိုင်းရင်းသား အဖွဲ့အစည်းအချို့ဘက်ကလည်း ဂမ်ဘီယာ စွဲဆိုချက်ကို ထောက်ခံသည့် ကြေညာချက်များ ဆက်လက်ထွက်ပေါ်လာသည်။  စာရေးသူ၏ မဆလ၊ န၀တ၊ နအဖ ခေတ်များကို ဖြတ်သန်းခဲ့ခြင်း၊ ရန်ကုန်စက်မှုတက္ကသိုလ် အထိ ပညာ ဆည်းပူးခဲ့ခြင်း၊ ပြည်ပတွင် ဆက်လက်ပညာဆည်းပူး ဘဝဖြတ်သန်းခြင်း၊ မြန်မာ့အရေး တစိုက်မတ်မတ် ထိတွေ့ခဲ့ခြင်း စသည့် အတွေ့အကြုံများကို အခြေခံ၍ ခြုံငုံတွေးမိရာက ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ၊ သမိုင်းတွင်ခဲ့သည့် ယူဂိုစလားဗီးယားနှင့် ရဝမ်ဒါ ဂျီနိုစိုက်တို့မှ သင်ခန်းစာ၊ အကြောက်တရားနှင့် အာဏာရှင်စိတ်ဓာတ်တို့ အမြစ်တွယ်စေမည့် မြန်မာ့ပညာရေး ပြုစုပျိုးထောင်မှုစနစ်၊ တူရာအုပ်စုတန်းညှိ စိတ်ဓာတ်စစ်ဆင်ရေးအောက် ပြည်သူပြားပြားမှောက်၊ ဆယ်စုနှစ်များစွာ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုနှင့် နိုင်ငံတကာဖိအား၊ အန်အယ်ဒီအစိုးရနှင့် Genocide အကျပ်အတည်း၊ ဂျီနိုစိုက်အရေး ဖြေရှင်းကာကွယ်တားဆီးနိုင်ရေးတို့ကို ဤဆောင်းပါးတွင် မီးမောင်းထိုးပြထားသည်။ ယူဂိုစလားဗီးယားနှင့် ရဝမ်ဒါ ဂျီနိုစိုက်တို့မှ သင်ခန်းစာ ကမ္ဘာ့သမိုင်းစာမျက်နှာမှ ဂျီနိုစိုက် ကျူးလွန်ခဲ့သည့် ရဝမ်ဒါနှင့် ယူဂိုစလားဗီးယားနိုင်ငံများ မည်သည့်အခြေအနေ အကြောင်းတရားများအပေါ် အခြေခံခဲ့သည်ကို ကနဦး ဆန်းစစ်ဖို့လိုသည်။ ယူဂိုစလားဗီးယားနိုင်ငံတွင် ဆားဗီးယမ်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်လာအောင် ဖန်တီး၊ ဆားဗီးယမ်း-ဘော့စနီးယမ်း-ခရိုအေးရှန်း ပြည်သူတွေအကြား လူမျိူးရေး အမုန်းတရားတွေ ရိုက်ခတ်၊ ယူဂိုစလားဗီးယား စစ်အာဏာပိုင်များက လူများစု ဆားဗီးယမ်းဘက်က ရပ်တည်ထောက်ခံ၊ အဓိကရုဏ်းများ ဖြစ်ပွားလာရာက ဘော့စနီးယမ်း လူမျိုးတုံး သတ်ဖြတ်ရေးကြီး ဖြစ်ပေါ်ခဲ့သည်။  ထိုအတောအတွင်း အမုန်းတရား လှုံ့ဆော်၊ အငတ်ဘေး ကြုံတွေ့စေရေး စီမံ၊ သက်ကြီး သက်ငယ်များအား သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ ခွဲခြားဆက်ဆံ၊ အတင်းအဓမ္မ အုံနဲ့ကျင်းနှင့် မောင်းထုတ်ရွှေ့ပြောင်း၊ မုဒိမ်းကျင့်၊ အဆောက်အုံ လူနေအိမ်ရာများ ဖျက်ဆီး၊ လူသားအခြေခံ အခွင့်ရေးများ ပိတ်ပင် စသည့်လုပ်ရပ်များအတွက် ကုလလုံခြုံရေးကောင်စီက ဖော်ဆောင်ခဲ့သည့် ခုံရုံး International Criminal Tribunal for former Yugoslavia (ICTY) မှ ယူဂိုစလားဗီးယား ခေါင်းဆောင်နှင့် အာဏာပိုင်များ စုစုပေါင်း ၁၆၁ ဦးသည် Crimes Against Humaity, War Crimes များ ကျူးလွန်ခဲ့သည်ဟု ၂၀၀၂ နှစ်တွင် အမိန့်ချမှတ်ခဲ့သည်။  ICTY ၏ ဆုံးဖြတ်ချက်အား ယူဂိုစလားဗီးယားဘက်မှ မလိုက်နာနိုင်ကြောင်း တုံ့ပြန်ခဲ့ရာ နိုင်ငံတကာ ဖိအားများ လွန်စွာသက်ရောက်ခဲ့သည်။ ထို့နောက် ICJ ရုံးတော်တွင် ကြားနာစစ်ဆေးရာ ယူဂိုစလားဗီးယား အာဏာပိုင်တို့သည် ဂျီနိုစိုက် ကျူးလွန်ခြင်းနှင့်ပက်သက်၍ တားဆီးရန် ပျက်ကွက်ခြင်း၊ ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်းတို့ကြောင့် Genocide Convention Article-III(e) အရ ဂျီနိုစိုက်မြောက်ဟု အမိန့်ချမှတ်ခဲ့သည်။ ရဝမ်ဒါဂျီနိုစိုက်အမှုကို ဆက်လက်လေ့လာကြည့်ရာ ရဝမ်ဒါနိုင်ငံ ကိုလိုနီခေတ်ကာလတွင်း လူနည်းစုသာဖြစ်သည့် တွတ်စီများ အရေးပါခဲ့ပြီး ၈၅ ရာခိုင်နှုန်းသော ဟုတုများ နှိပ်ကွပ်ခံခဲ့ရဖူးသည်ကို အငြိုးထားကာ ၁၉၉၀ နှောင်းပိုင်းတွင် ဟုတု အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ် တက်ကြွလှုပ်ရှားမှုကို ဖန်တီးပြီး အမုန်းတရားလှုံ့ဆော်ကာ တွတ်စီ လူမျိူးတုံး သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့သည်။ ဟုတုစစ်တပ်အပါအဝင် ပြည်သူများက တွတ်စီတို့အပေါ် ဂျီနိုစိုက် ကျူးလွန်ပြီး ၈၀၀,၀၀၀ ခန့် သတ်ဖြတ်ခဲ့သည်။ ၁၉၉၈ တွင် International Criminal Tribunal for Rwanda (ICTR) မှ ရဝမ်ဒါဂျီနိုစိုက်မြောက်ကြောင်းနှင့် စစ်အာဏာပိုင် ၃ ဦးအား ပြစ်မှုကျူးလွန်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ယူဂိုစလားဗီးယား ဂျီနိုစိုက်၊ ရဝမ်ဒါ ဂျီနိုစိုက် Pattern တူညီ -အစွန်းရောက် အမျိူးသားရေးစိတ်ဓာတ် မွေးထုတ်၊  -လူမျိုးရေး အမုန်းတရားစိတ်ဓာတ် ပြင်းထန်လာအောင် လှုံ့ဆော်၊ -ပဋိပက္ခ ဖန်တီးရာက ဂျီနိုစိုက်အဆင့်ထိ အရှိန်မြင့်လာ -ကျူးလွန်ရာတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှု  စသည့် တူညီချက်များ တွေ့ရသည်။ ဤနေရာတွင် "စိတ်ဓာတ်" ဆိုသည့် လက်နက်ကို အမုန်းတရား အရောင်ဆိုး ဂျီနိုစိုက်ကျူးလွန်ရေး အခြေခံအုတ်မြစ်အဖြစ် အသုံးချခဲ့သည့် ထိုနိုင်ငံများ၏ ရှုထောင့်နှင့် "လူသားအခြေခံ အခွင့်အရေး" ဘက်က ကြည့်သည့် နိုင်ငံတကာ၏ ရှုထောင့်တို့ ပြဒါးတလမ်း၊ သံတလမ်းဆိုတာ ပေါ်လွင်လာသည်။ မြန်မာပြည်အရေးတွင်လည်း ရိုဟင်ဂျာ ဂျီနိုစိုက်ကျူးလွန်ကြောင်း ဂမ်ဘီယာစွဲဆိုချက်တွင် ယူဂိုစလားဗီးယား၊ ရဝမ်ဒါ ဂျီနိုစိုက်များနှင့် အလားသဏ္ဌာန်တူသည့်အသွင် ပုံဖော်ထားသည်။  ပညာရေး ပြုစုပျိူးထောင်ပုံနှင့် ဂျီနိုစိုက်အခြေခံအုတ်မြစ် ဆက်စပ်ကြည့်ရာ ထူးခြားချက်တခုက ဂျီနိုစိုက် ကျူးလွန်သည်ဟု စွဲဆိုခံထားရသည့် မြန်မာပြည်၏ ပညာရေး ပြုစုပျိုးထောင်ပုံစနစ်တွင် "စိတ်ဓာတ်" ဆိုသည့် ဝေါဟာရ ပါနေခြင်းပင်။ Western ပညာရေးစနစ်သည် "Rights, Respect, Responsibility (အခွင့်အရေး၊ မတူကွဲပြားမှုများကို နားလည်လက်ခံ လေးစား၊ တာဝန်ဝတ္တရား၊ တွေးခေါ်ဆန်းစစ်၊ ဆွေးနွေး၊ ဖလှယ်)" တို့ကို အခြေခံသော်လည်း မြန်မာပြည်မှာတော့ "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ဆောင်ပုဒ်ကို အခြေခံ မျိူးစေ့ချသည့် ပညာရေး ပြုစုပျိူးထောင်မှုကို ကျင့်သုံးသည်။ အမှန်တကယ်တော့ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်ကာလက မြန်မာတို့ နိုးကြားစေရေး၊ ဒို့ပြည် ဒို့စာ ဒို့စကားကို ချစ်ခင်မြတ်နိုး လေးစားစေရေး ရှေးရှုပြီး အမျိူးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြတ်ဖို့၊ စည်းကမ်းရှိဖို့၊ ပညာရဲရင့် ပွဲလည်တင့်ဖို့အလို့ငှာ ဤဆောင်ပုဒ်ကို ကျင့်သုံးခဲ့ခြင်းပင်။ သို့သော် ဤဆောင်ပုဒ်အား ဆွဲမြဲစွာ လက်ကိုင်ထားရင်း ပညာရေး ပြုစုပျိုးထောင်လာခဲ့သည်မှာ ဆယ်စုနှစ် အချို့ကြာလာ။ အကြောက် စိတ်ဓာတ်၊ Authoritarian စိတ်ဓာတ် မွေးထုတ် သတိချပ်စရာက မြန်မာပြည် ပညာရေးပျိုးထောင်မှုပုံစံမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာနှင့် တပည့်အကြား "ကြောက်၊ ချစ်၊ ရိုသေ၊ လေးစားလိုက်နာရ" စိတ်ဓာတ် ။ "မှတ်၊ ကြား၊ နာ၊ ယူ၊ စောဒက မတက်ရ" ဟူသည့် အမိန့်အာဏာပြလိုသည့် Authoritarian စိတ်ဓာတ် စသည့် ‘အ’ နှစ်လုံး စိတ်ဓာတ် တိုးပွားနိုင်ချေ များစွာရှိသည်။ မဆလ နဝတ နအဖ ခေတ် ပညာရေး ပြုစုပျိုးထောင်ပုံစနစ်ကို ဖြတ်သန်းခဲ့သူတွေ သိပါလိမ့်မည်။  ဆုပေး ဒဏ်ပေး စနစ်ပေါ်လျှောက်၊ တော်သူ ချီး‌မြှောက် ရှော်သူ အပြစ်ရောက်၊ ဆီးသီးခု ဒူးထောက် စသည့် လုပ်ရပ်တို့ စာသင်ခန်းမှ အစပြုခဲ့သည်။ ထို ‘အ’ နှစ်လုံး စိတ်ဓာတ်နှင့် သိမြင်ထိတွေ့ ယဉ်ပါးလာသူသည် ဒုတိယအရွယ် လူ့အသိုင်းအဝန်း၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ အစိုးရစီမံရေး၊ ဥပဒေပြုရေး၊ အိမ်မှုတာဝန်အရေး၊ ရပ်ရွာအရေး စသည့် ယန္တရားတို့ကို  လျှောက်လှမ်းရာတွင် ဆက်လက်ကျင့်သုံးလားသည်။ အောက်လူ အထက်ကြောက်ရ ဟူသည့် ထိုကွာဟမှုက အာဏာရှင် အလိုကျ ပုံစံဝင်သွားရသည်။ စိတ်ဓာတ်ပြင်း၊ စည်းကမ်းယိုယွင်း၊ ပညာရေး နိမ့်ဆင်းအောင် ပုံဖော် ဂျီနိုစိုက်ကျူးလွန်ဖို့ လူအများကြီး မလို။ အာဏာရှင်စိတ်ဓာတ်ပြင်းထန်သူ အချို့စာ လိုသည်ကို ယူဂိုစလားဗီးယား ဂျီနိုစိုက်မှ (၁၆၁) ဦး၊ ရဝမ်ဒါ ဂျီနိုစိုက်မှ (၃)ဦး တို့သည် သမိုင်းသက်သေပါ။ မြန်မာပြည်မှာလည်း အချို့သည် အုပ်ချုပ်သူ  လူတန်းစား ဖြစ်လာသောအခါ မိမိအာဏာ သက်ဆိုးရှည်ရေး ကြံရွယ်ကာ ပညာရေးဆောင်ပုဒ်ကို တလွဲပုံဖော်ပြီး "စိတ်ဓာတ်ပြင်း၊ စည်းကမ်းယိုယွင်း၊ ပညာရေး နိမ့်ဆင်းအောင်" အလိုကျ ပုံဖော်ကစားခဲ့သည်။  တူရာတန်းညှိ စိတ်ဓာတ်စစ်ဆင်ရေးအကြား ပြည်သူကွဲပြား တစ်ဖက်မှာလည်း အနှစ်လုံး စိတ်ဓာတ်ကျေ ပြည်သူလူထုအကြား အမုန်းတရားပွား၊ ပဋိပက္ခများ၊ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလာစေရေးအတွက် တူရာအုပ်စု တန်းညှိပေးသည့် စိတ်ဓာတ်စစ်ဆင်ရေးကို အကောင်အထည် ဖော်ရာတွင်  ပြည်သူတစ်ဦးချင်းစီအား "တိုင်းရင်းသား၊ နိုင်ငံသား၊ လူမျိုးစု၊ လူမျိုးခြား၊ သွေးနှော၊ သွေးသန့်၊ ကိုးကွယ်ဘာသာ၊ ဘာသာခြား၊ ခိုးဝင်၊ ပြည်တွင်းနေ ပြည်ပအနွယ်" စသည့် Label မျိုးစုံတပ်ကာ တူရာတန်းညှိ အုပ်စုများ ဖြစ်လာအောင် ဖန်တီးထားခဲ့သည်။ သည့်နောက် တိုင်းရင်းသားအုပ်စုတွေ လျှော့ (ယခင် အသိအမှတ်ပြု ၁၄၄ မျိုး၊  ယခု အသိအမှတ်ပြု ၁၃၅ မျိုး၊ မျိးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး တွင်တွင်အော်၊ မိမိအမျိုးကိုသာချစ်၊ မိမိဘာသာ သာသနာကိုသာ ချစ်၊ မိမိတိုင်းရင်းသားကိုသာချစ်၊ မိမိတို့ တူရာအုပ်စုသာ တန်းညှိပြီးချစ် စသဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ဖန်တီး၊ တိုင်းရင်းသားတွေအကြား၊ လူမျိူးစုတွေအကြား၊ အသားယောင် ကွဲပြားမှုတွေအကြား၊ ဘာသာတရား ကိုးကွယ်သူတွေအကြား အာဏာရှင်အလိုကျ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလာရသည်။ လူ့အခွင်းအရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများပင်လျှင် တူရာတန်းညှိခံစိတ်ဓာတ် အငွေ့အသက်အောက်မှာ အချင်းချင်း ဝေဝါးလာကြသည်။ စည်းကမ်းယိုယွင်း တဖက်မှာလည်း တိုင်းပြည်အတွင်း  စည်းကမ်းယိုယွင်း ပျက်ပြားလာစေရေး ရှေးရှုသည့် လုပ်ရပ်များ ရှိလာသည်။ ပညာရေးနိမ့်ဆင်း တွေးခေါ်ဆန်းစစ် နားလည်သုံးသပ်မှု အခြေခံတဲ့ ပညာရေးအစား ကျက်မှတ်ဖြေစနစ်ကို ကျင့်သုံး၊ တက္ကသိုလ် ကျောင်းတော်ကြီးများအား ပိတ်ရွှေေပြောင်းလုပ်၊ ပညာရေး ပြုစုပျိုးထောင်မှုကို ရည်ရွယ်ချက်ရှိရှိ အာဏာရှင်အလိုကျ  ရိုက်ချိုးဖျက်ဆီးခဲ့သည့်အတွက် "အာရှပုလဲ" ဟု တင်စားခဲ့ရသည့် မြန်မာ့ပညာရေးသည် ယနေ့ခေတ်တွင်မူ "အာရှခဲ" အဖြစ် လွန်စွာနိမ့်ကျခဲ့သည်။ ဆိုးကျိုး စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့ ကမောက်ကမ ဖြစ်လာရပြီဆိုတော့ တန်းညှိခံ ပြည်သူတွေအကြား ထိလွယ်ရှလွယ် ကိစ္စရပ်များ ဖြစ်လာပါက ပဋိပက္ခများ အမုန်းတရားပွား အချင်းချင်း ခွဲခြားကွဲပြားလာကာ အာဏာရှင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက် ပြားပြားမှောက်ရပြီပေါ့။ နောက်ဆက်တွဲ ဆိုးကျိူးတွေလည်း မနည်း။  "လေတဖုံ မီးတမြိုက်ဖြင့် ဟင်းမဆူ၊ မီးခိုးထူ လေပူဖြန်းလေမှ အိုးပွက်ဆူ" ဖြစ်လာသကဲ့သို့ ရခိုင်ပြည်တွင်း မငြိမ်းချမ်းမှုများ၊ ရိုဟင်ဂျာ အရေးကိစ္စများ တအုံနွေးနွေးနဲ့ ဆူပွက်လာခဲ့သည်မှာ ဆယ်စုနှစ်အချို့ ကြာခဲ့။ တဖက်မှာလည်း ပြည်တွင်းစစ်မီး ကြုံနေရသည့် တိုင်းရင်းသား ပြည်သူပြည်သားများက ဒုနဲ့ဒေး။ လူသားအခွင့်အရေး ဆုံးရှုံးမှုများလည်း မြန်မာနိုင်ငံအနှံ့။ မြန်မာဘက်မှ စစ်ဘေးရှောင်များ နယ်စပ်မျဉ်းတလျှောက် ပိတ်မိလျက်ရှိခဲ့၊ ပိတ်မိနေဆဲ။ ထိုအခြေအနေအရပ်ရပ်ကို ခြုံငုံကြည့်လျှင် ကုလ Genocide Convention ပါ အချက်အလက်များအား မြန်မာအာဏာပိုင် အဆက်ဆက် လိုက်နာခဲ့၊ မလိုက်နာခဲ့ ဆိုသည်ကို စာဖတ်သူ ဆက်လက် တွေးတောကြည့်နိုင်သည်။ ကုလလုံခြုံရေးကောင်စီက အကြိမ်ကြိမ် သတိပေးခဲ့ အထက်ပါဆိုးကျိုး ဆယ်စုနစ်အချို့ကြာ ဖြစ်ပေါ်လာသည့်အတွက်  မြန်မာအာဏာပိုင်များအား ကုလသမဂ္ဂက အကြိမ်ကြိမ် သတိပေးခဲ့သည့် မှတ်တမ်းများ တွေ့ရသလို ကုလလုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်နိုင်မည့် အခြေအနေအား တရုတ်နှင့်  ရုရှားနိုင်ငံတို့ ဗီတိုပါဝါသုံး ကန့်ကွက်ခဲ့မှုတွေလည်း ရှိသည်။ ဤသည်မှာ ပြစ်မှုကျူးလွန်သူတို့ သက်ဆိုးရှည် အသက်ရှူချောင်ဖို့ အခွင့်အရေးဆက်လက် ရရှိလာရသည်။ ဒီကနေ့ ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာ ဂျီနိုစိုက် စွပ်စွဲခံရမှု၊ မြန်မာတိုင်းရင်းသားများ ဂျီနိုစိုက်အမှုအား ထောက်ခံလာမှုတို့သည် အာဏာရှင်တို့ စိတ်ကြိုက်ကစားခဲ့သည့် ပညာရေးပြုစုပျိုးထောင်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးသာ။  အန်အယ်လ်ဒီအစိုးရနှင့် ဂျီနိုစိုက် အကျပ်အတည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါဝင်လာခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ရခိုင်ပြည်တွင်း မငြိမ်မသက်ဖြစ်ရာက အစပြု မြန်မာတပြည်လုံး အတိုင်းအတာဖြင့် ပဋိပက္ခမျိုးစုံ တဖန်အရှိန်အဟုန် မြင့်လာခဲ့သည်။ နိုင်ငံတကာ၏ လေးစားခံ၊ လူ့အခွင့်အရေးစံ ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၀၁၆ မှ အစပြု အစိုးရဖွဲ့ကာ  လုပ်ပိုင်ခွင့်အချို့ ရလာသည်။ သို့သော် အန်အယ်လ်ဒီအစိုးရ စီမံခွင့်ရသည့် အချိန်တွင် မြန်မာပြည်၌ အကြောက် စိတ်ဓာတ်၊ Authoritarian စိတ်ဓာတ်နှင့် ယဉ်ပါး၊ စိတ်ဓာတ်ပြင်း၊ စည်းကမ်းယိုယွင်း၊ ပညာရေး နိမ့်ဆင်းအောင် ပုံဖော်ခံထား၊ တူရာတန်းညှိ စိတ်ဓာတ်စစ်ဆင်ရေးအကြား ပြည်သူကွဲပြား၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကုလလုံခြုံရေးကောင်စီမှ အကြိမ်ကြိမ် သတိပေးထား၊ အစိုးရ၏ လုပ်ပိုင်ခွင့်ကို လွန်စွာကန့်သတ်ထားပြီး ပြည်သူကို အကျိုးမပြုသည့်  ၂၀၀၈ ခြေဥ ရှိထားသည့် အခြေအနေက ကြိုဆိုလျက်ရှိသည်။  အစိုးရ၏ ၃ နှစ်ခွဲခန့် ကာလသက်တမ်းမှာ ရိုဟင်ဂျာ ဂျီနိုစိုက် စွပ်စွဲချက်အား ရင်ဆိုင် ဖြေရှင်းရပေတော့မည်။ မြန်မာပြည်သည် "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ပလက်ဖောင်းမှာ ရပ်တည်နေရပြီး နိုင်ငံတကာသည် "Rights, Respects, Responsibility" ပလက်ဖောင်း ရှုထောင့်ကသာ ကြည့်ဆုံးဖြတ်မည် ဖြစ်သည်ကို သိနားလည်ဖို့ လိုသည်။  ဂျီနိုစိုက်အရေး ဖြေရှင်းရာတွင် အန်အယ်လ်ဒီ အစိုးရသည် သန်း ၅၀ ပြည်သူတို့၏ အမျိုးသား ရင်ကြားစေ့ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်း တိုးတက်ရေး၊ နိုင်ငံတကာစံနှုန်းညီ ခြေဥဖြစ်ပေါ်လာရေးတို့အပြင် နိုင်ငံတကာ မျှော်လင့်ထားသည့် Smooth transaction to Democracy ကို ခက်ခက်ခဲခဲ ကြိုးစားဖော်ဆောင်နေရချိန် ဖြစ်ကြောင်း ရှင်းပြဖို့လိုသည်။ အမှန်တရားပေါ် ရပ်တည်၊ မြန်မာပြည်နှင့် အန်အယ်လ်ဒီအစိုးရ လုပ်ပိုင်ခွင့် အခြေအနေမှန်ကို ရှင်းပြ၊ ဘက်မလိုက် တရားစီရင် ဆုံးဖြတ်ချက်ကို လက်ခံကာ သမိုင်းစာမျက်နှာသစ်ကို ရေးရမည်ဖြစ်သည်။ စ- ၃ လုံး ပညာရေးအစား R ၃ လုံး ပညာရေးစနစ် ပျိုးထောင်သင့် ဂျီနိုစိုက် အခြေအနေထိ စွတ်စွဲခံလာရသည့် မတည်ငြိမ်မှုအစုံ၏ အခြေခံအကြောင်းတရားသည် ပညာရေး ပြစုပျိုးထောင်ပုံစနစ်ကြောင့် ဖြစ်ရသည်အတွက် လက်ရှိ ကျင်.သုံးနေသော "စိတ်ဓာတ်၊ စည်းကမ်း၊ ဆည်းပူးပညာ" အစား "Rights, Respects, Responsibility" တို့ကို အခြေခံသည့်စနစ်ကို ပြောင်းဖို့လိုအပ်သည်။  ပြည်သူ့နီတိကို သီးသန့်သင်ကြားဖို့မလို၊ ပညာရေးစနစ်၏ Core Values တွေကို ဆရာ-မိဘ-ကျောင်းသား တို့အကြား နိစ္စဓူဝ  Training ပေး၊ စည်းကမ်းမြှင့် ပညာတင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဖို့လိုသည်။ သို့မှသာ အနာဂတ်မျိုးဆက်သစ်တွင် အကြောက်တရား မွေးထုတ်မှု၊ အာဏာရှင်စနစ် လွှမ်းမိုးမှု၊ ဂျီနိုစိုက် အခြေအနေ ဦးတည်မှုတို့ ကင်းဝေးသွားမည် ဖြစ်ပါကြောင်း။ ။ ဒေါက်တာ သိန်းမိုးဝင်း (Sydney)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up