ဇော်ဝင်းထွဋ်နှင့် R. ဇာနည်သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး - ‘ဓမ္မနှင့် အဓမ္မ’(ရုပ်သံ)
DVB
·
December 5, 2019

ဝါရင့် ရော့ခ်အဆိုတော် ၂ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ R. ဇာနည်တို့ သီဆိုထားတဲ့ ‘ဓမ္မနှင့် အဓမ္မ’အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ ထွက်ရှိပြီး ရက်ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။
ဒီဇာတ်ဝင်တေးကိုတော့ ၁၀၁၄ လို့ ထူးထူးခြားခြား အမည်ပေးထားတဲ့ ရုပ်ရှင်ထဲမှာ အသုံးပြုထားတာဖြစ်ပြီး ဒီကားကိုတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်အနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနိုင်ငံရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့ အနော်ရထာမင်းမွေးတဲ့ ၁၀၁၄ ခု နှစ်မတိုင်ခင် အဖြစ်အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ ပေါ်ပေါက်လာပုံ တပိုင်းတစကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျော်သူနဲ့အတူ ဒေါင်း၊ ထွန်းကိုကို၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်စတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားကြတာပါ။
ခုထွက်ရှိလာတဲ့ ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နာမည်ကြီး ရော့ခ်အဆို တော် ၂ ယောက်ရဲ့ ထူးထူးခြားခြား ပေါင်းစပ်သီဆိုမှုနဲ့အတူ ရုပ်ရှင်ဇာတ်ဝင်ခန်း မြင်ကွင်းပုံရိပ်တွေကိုပါ ရှုစားကြရမှာပါ။
လတ်တလောမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံကို ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေဟာ ရက်ပိုင်းအတွင်း ၁ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။