ဆီးဂိမ်းတွင် ယှဉ်ပြိုင်မည့် အားကစားနည်းများ တရားဝင်ထုတ်ပြန်
DVB
·
January 29, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ ယှဉ်ပြိုင်မယ့် အားကစားနည်း ၃၃ မျိုးကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကောင်စီက ဇန်န၀ါရီ ၂၉ ရက်နေ့ နေပြည်တော်မှာ အစည်းအဝေး ကျင်းပပြီး အတည်ပြုလိုက်တယ်လို့ ဆီးဂိမ်းပြိုင်ပွဲ ပြောရေးဆိုခွင့်ရှိသူ အား/ကာ လူထုပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။
အားကစားနည်းတွေထဲမှာ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်၊ ဘောလုံး၊ ဘောလီဘော၊ ဘတ်စ်ကတ်ဘော၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ လှေလှော်၊ အလေးမနဲ့ ဒေသတွင်းက ရိုးရာသိုင်းနဲ့ ကိုယ်ခံပညာ အားကစားနည်းတွေလည်း ထည့်သွင်းထားပါတယ်။
ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေက ထည့်သွင်းကျင်းပစေလိုတဲ့ ဘိုးလင်း၊ တင်းနစ်၊ ကမ်းခြေဘော်လီဘောနဲ့ ကျွမ်းဘားကစားနည်းတွေကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၀ ရက်ထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး မတ်လကုန်မှာ အားကစားကွင်းတွေ ရာနှုန်းပြည့် အသင့်ဖြစ်မယ့် အနေအထားရှိတယ်လို့ ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အား/ကာ လူထုပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာနားဆင်နိုင်ပါတယ်။
အားကစားနည်းများ
၁။ ပြေးခုန်ပစ်
၂။ ရေကူး
၃။ မြားပစ်
၎။ ဘတ်စကတ်ဘော
၅။ ကာယအလှ
၆။ ကြက်တောင်
၇။ ဘိလိယက်နဲ့ စနူကာ
၈။ လက်ဝှေ့
၉။ ကနူးလှေ
၁၀။ စက်ဘီး
၁၁။ စစ်တုရင်
၁၂။ မြင်းစီး
၁၃။ ဘောလုံးနဲ့ ဖူဆယ်လ် ဘောလုံး
၁၄။ ဂေါက်
၁၅။ ဟော်ကီ
၁၆။ ဂျူဒို
၁၇။ ကရာတေးဒိုး
၁၈။ ကမ်ပို ရိုးရာသိုင်း (KEMPO)
၁၉။ မွေထိုင်းလက်ဝှေ့
၂၀။ ပန်ကက်စီလတ် အင်ဒိုနီးရှား ရိုးရာသိုင်း (PENCAK SILAT)
၂၁။ ပီတန်း (PETANQUE) သံလုံးပစ်ကစားနည်း
၂၂။ အနောက်တိုင်းလှေလှော်
၂၃။ ပိုက်ကျော်ခြင်းနဲ့ မြန်မာ့ခြင်း
၂၄။ သေနတ်ပစ်
၂၅။ ရွက်လှေ
၂၆။ စားပွဲတင်တင်းနစ်
၂၇။ တိုက်ကွမ်ဒို
၂၈။ ရိုးရာလှေလှော်
၂၉။ဘော်လီဘော
၃၀။ ဗော်ဗီနမ် (VOVINAM) ဗီယက်နမ်သိုင်း
၃၁။ အလေးမ
၃၂။ နပန်း
၃၃။ ၀ူရှူး