ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လမ်းနှင့်အတူ လျှပ်စစ်မီးပါရရှိအောင်ဆောင်ရွက်ပေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 4, 2019
ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးကို အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၉ ကြိမ်မြောက် ပူးတွဲကော်မတီ အစည်းအဝေးမှာ ဒေါက်တာ ထွန်းနိုင်က ပြောဆိုခဲ့တာပါ။
“အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဒီလျှပ်စစ်ဓါတ်အားရရှိရေးကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လမ်းရဲ့ ပြီးစီးမှုနဲ့ လျှပ်စစ်ရဲ့ရရှိမှုဟာ မရှေးမနှောင်း (သို့) တပြိုင်နက်တည်းရရှိအောင် ဆောင်ရွက်နေပါပြီ”လို့ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
မြန်မာ- ထိုင်း နယ်စပ်ကနေ ထားဝယ်စီးပွားရေးဇုန်ကို ဆက်သွယ်မယ့် နှစ်လမ်းသွားကားလမ်းအဆင့်မြှင့်တင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်နေပြီး လိုအပ်တဲ့ ငွေကြေးကိုတော့ ထိုင်းနိုင်ငံအစိုးရက သက်သာတဲ့ ချေးငွေနဲ့ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်အထိ လျှပ်စစ်မီးရရှိနိုင်ဖို့အတွက် မဟာဓါတ်အားလိုင်း မော်လမြိုင် - ရေး - ထားဝယ်ကနေ ရရှိအောင် ဝန်ကြီးဌာနကအနေနဲ့ အာရှဖွံ့ဖြိုး ရေးဘဏ်ရဲ့ သက်သာတဲ့ ချေးငွေရရှိဖို့ ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာ ပူးတွဲကော်မတီအစည်းအဝေးမှာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားဖို့၊ ထိုင်းနယ်စပ်နဲ့ DSEZ အကြား နှစ်လမ်းသွား ဖောက်လုပ်ရေး တိုးတက်မှုများကို အသိအမှတ်ပြုဖို့၊ မြန်မာဘက်က ဒုသမ္မတနဲ့ ထိုင်းဘက်က ဒုဝန်ကြီးချုပ် ပါဝင်တဲ့ အဆင့်မြင့် ပူးတွဲ ကော်မတီ အစည်းအဝေးကို အမြန်ဆုံး ကျင်းပသွားဖို့နဲ့ DSEZ အတွင်း ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရေး နှစ်ဘက် စလုံးက ဖိတ်ခေါ်သွားဖို့ စတဲ့ သဘောတူညီမှုရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုမှာ တခုအပါအဝင်ဖြစ်တဲ့ DSEZ ကို ယခင် အစိုးရလက်ထက်က တည်းက စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စီမံကိန်းနေရာမှာ အခြေခံ အဆောက်အအုံတွေလိုအပ်ချက်နဲ့ တခြားအခြေအနေအရပ်ရပ်ကြောင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။