မြန်မာတဦးကို ဒေါ်လာအတုများနှင့် မဲဆောက်တွင် ဖမ်းဆီးရမိ
DVB
·
December 24, 2012

အမေရိကန်ဒေါ်လာအတု ၄ သိန်းခွဲလောက် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့က ဂျပန်ကားဟောင်းတွေ ရောင်းတဲ့ နေရာမှာ ထိုင်းရဲတပ်ဖွဲ့က မသင်္ကာလို့ ရှာဖွေတဲ့အခါမှာ သူစီးလာတဲ့ကားအတွင်းက အမေရိကန် ဒေါ်လာအတုတွေကို ရှာဖွေတွေ့ ရှိခဲ့တာပါ။ သူစီးလာတဲ့ကားဟာ ဂျပန်နိုင်ငံက ထုတ်တဲ့ ကားဖြစ်ပြီး ထိုင်းနိုင်ငံက မော်တော်ယာဉ်နံပါတ် တပ်ဆင်ထားရာကနေ ရဲက မသင်္ကာလို့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဖမ်းခံရသူဟာ ဦးမောင်ဦးလိုင် ဆိုသူ ဖြစ်ပြီး သူနဲ့ အတူကားပေါ်မှာ ထိုင်းနိုင်ငံသား အမျိုးသမီးတဦးလည်း ပါလာပါတယ်။ သူတို့ ၂ ဦး ကို မဲဆောက်ရဲဌာနမှာ ချုပ်နှောင်ထားပြီး ဒီဒေါ်လာငွေတွေ ဘယ်ကရလာတယ်၊ ဘယ်မှာ သုံးမယ်ဆို တာကို စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ထိုင်းသတင်းထောက်တဦးက ပြောပါတယ်။
