မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသူ ၁ ဦး ဓားထောက် လုယက်ခံရ
DVB
·
July 30, 2019

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ မိတ္ထီလာမြောက်ဘက်ကန် ကန်ပတ်လမ်းမှာ ဇူလိုင် ၂၉ရက်က မိတ္ထီလာတက္ကသိုလ်ကျောင်းသူ ၁ဦး ဓားထောက် လုယက်ခံရတာကြောင့် အမှုဖွင့်ထားတယ်လို့ မိတ္ထီလာ အမှတ်၂ရဲစခန်းက ပြောပါတယ်။
ကန်ပတ်လမ်းအုတ်ခုံပေါ်မှာ မိတ္ထီလာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ကောင်းမြတ်သူနဲ့ ဒုတိယနှစ်ကျောင်းသူ မချောစုလှိုင်တို့ ထိုင်စကားပြောနေကြစဉ် ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူငယ် ၂ဦးက ဓားပြတိုက်ခဲ့တာပါ။
လုယက်သူ လူငယ် ၂ ဦးက ကျောင်းသူထံက ဟွန်ဒါ ဆိုင်ကယ်သော့နဲ့ ဖုန်း ၂လုံးကို တောင်းပြီး ပိုက်ဆံပါ ထပ်တောင်းခဲ့တယ်ဆိုပြီး တိုင်ချက်ပေး အမှုဖွင့်ခဲ့တယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
"ဟုတ်ပါတယ် တက္ကသိုလ်ကျောင်းသားက တရားလိုလုပ်ပြီး အမှုလာဖွင့်ပါတယ်။ အဲဒီ အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပါတယ်"လို့ ပြောပါတယ်။
ဒေသခံ ကိုလင်းအောင်က "လူသွားလူလာ မပြတ်တဲ့နေရာမှာ ဖြစ်သွားတယ်။ ဘေးက ကြည့်ရင်တော့ အချင်းချင်း စကားပြောနေသလို ထင်ရတယ်။ ဓားထောက်ပြီး အဲလိုပုံနဲ့ပဲ လုယက်မှု ကျုးလွန်နေကြတယ်" လို့ ပြောပါတယ်။
မိတ္ထီလာအမှတ် ၂ရဲစခန်းက ထွက်ပြေးနေတဲ့ လူငယ် ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ကြောက်အောင်ပြုလုပ်ပြီး ခြောက်လှန့်လုယက်မှု၊ အားပေးကူညီမှုနဲ့ အမှုဖွင့် ထားပါတယ်။
သတင်း-မောင်မောင်လင်း