ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ရွာကို တပ်မတော်စစ်ကြောင်း ၀င်ရောက်စစ်ဆေးနေ
DVB
·
July 23, 2019

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်း တခုက ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ကျေးရွာသားတွေကို ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ စုရုံးထားတယ်လို့ ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေကပြောပါတယ်။
ဇူလိုင် ၂၃ ရက် ဒီကနေ့ မနက်ပိုင်းက တပ်မတော်စစ်ကြောင်းတခုက မယုကမ်းတောင်တန်းအနားမှာရှိတဲ့ ရန်အောင်ပြင်ကျေးရွာကို ဝင်ရောက်လာပြီး ကျေးရွာသားတွေ ခေါ်ယူကာ ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံမှာ စစ်ဆေးနေတာလို့ ရန်အောင်ပြင်ကျေးရွာက ထွက်ပြေးလာတဲ့ အမည်မဖော်လိုသူ ကျေးရွာသားတဦးကပြောပါတယ်။
“ကျနော်တို့ရွာနားက ကြာပြာရင်းကျေးရွာကနေ စစ်ကြောင်းလာတာ၊ အဲ့ဒီမှာ ကျေးရွာသားတွေ ကြောက်လန့်ပြီးတော့ ကျနော်အပါအဝင် ထွက်ပြေးကြတယ်။ တချို့ကျတော့ ရွာမှာ ကျန်ခဲ့တယ်။ ကျန်ခဲ့ကျေးရွာသားတွေကို စစ်သားတွေက ရွာမှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းက ဓမ္မာရုံမှာ အားလုံးခေါ်ပြီး လူတွေစုခိုင်းတယ်။ ကျနော်တို့ ရွာကလူတွေေ နာက်ဆုံးဖုန်းရတာက အခုကျေးရွာသားတွေအားလုံးကို ဓမ္မာရုံမှာထားတယ်ဆိုတာ နောက်ဆုံး ဖုန်းဆက်လို့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့ ရွာကလူတွေကိုတယောက်မှ ဖုန်းဆက် မရတော့ဘူး။ ”လို့ ပြောပါတယ်။
အဲ့ဒီမှာ ရန်အောင်ပြင်ကျေးရွာနဲ့ ပြာပြင်ရင်းကျေးရွာအနီးအနားတွေမှာ တိုက်ပွဲ တစုံတရာ ဖြစ်ပွားခဲ့တာမရှိဘဲ တပ်မတော်စစ်ကြောင်း ဘယ်လိုအကြောင်းကြောင့် ဝင်ရောက်လာတယ် ဆိုတာ မသိရသေးပါဘူး။
အနီးအနားက ကျေးရွာက ဒေသခံတွေတော်တော်များများက တပ်မတော် စစ်ကြောင်းဝင်လာတာလို့ ကြောက်လန့်ပြီးထွက်ပြေးလာကြတယ်လို့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေက ပြောဆိုပါတယ်။
ရန်အောင်ပြင် ကျေးရွာကို တပ်မတော်က ၀င်ရောက်စစ်ဆေးနေတာ မှန်ကန်ကြောင်း ကျေးရွာသားတွေက ဖုန်းဆက် အကြောင်းကြားလာတယ်လို့တယ်လို့ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒါပေမယ့် အဲ့ဒီလို ဖုန်းဆက်လာပြီးနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အဲ့ဒီေ ကျးရွာသားတွေဆီကို ဖုန်းနဲ့ ထပ်မံဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေ အားလုံးစက်ပိတ်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ အနောက်ပိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်အောင်ပြင်းကျေးရွာကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်ရာမှာတော့ “ရန်အောင်ပြင်မှာ ဘယ်တပ်မှမရှိဘူး။ စစ်ဆေးတယ်ဆိုရင်လည်း လိုအပ်ချက်အရ စစ်ဆေးမှာပေါ့။ စစ်ဆေးတာ ဘာပြဿနာရှိလို့လဲ။ လိုအပ်လို့စစ်တာ” လို့ပြောပါတယ်။
ရန်အောင်ပြင်ကျေးရွာမှာ အိမ်ထောင်စု ၁၂၀ ကျော်ရှိပြီး သက်ကြီးပိုင်းတွေနဲ့ ကလေးငယ်တွေနဲ့ ကျန်ရစ်ခဲ့ပြီး အရင် ဒီလို ဖြစ်စဉ်တွေနဲ့ တခါမှာဖြစ်ဖူးတာမရှိဘူးလို့ ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေက ပြောပါတယ်။
ဝဏ္ဏခွာညို