Home
မြန်မာသတင်း
ခေတ်နှင့်မလျော်ညီသည့် ဥပဒေများပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တိုက်တွန်း
အေးနိုင်
·
November 22, 2012
ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပြီး ခေတ်နဲ့လျော်ညီတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက ပြည်သူ့လွှတ်တော်ကို တင်ပြလိုက်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ တင်သွင်းမယ့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ကြားဖြတ်အစီရင်ခံစာမှာ သုံးသပ်တင်ပြထားတာဖြစ်ပြီး တရားရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေအပြင် ပြည်သူလူထုက ပြုပြင်ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေကို စုံစုံလင်လင် တင်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စက်တင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ တရားဥပေဒစိုးမိုးရေးကော်မတီနဲ့ ဥပဒေပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ဥပဒေပညာရှင်တွေက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းဖို့အတွက် ပညာပေးရေး၊ ဥပဒေတွေကို ဒီမိုကရေစီစနစ်နဲ့အညီ ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး၊ ပြဋ္ဌာန်းရေးနဲ့ ဥပဒေ လေးစားလိုက်နာတဲ့ နိုင်ငံကြီးသားများ ဖြစ်လာစေဖို့ လေ့ကျင့်သင်ကြားပေးရေး အစရှိသဖြင့် အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီနောက် ကွင်းဆင်းလေ့လာမှုတွေ လုပ်ဆောင်ရာမှာ တရားရုံးတွေက ကြိုတင်ပြင်ဆင်ထားတာတွေ ကို တွေ့ရတဲ့အတွက် ရှောင်တခင် စစ်ဆေးသင့်တယ်လို့ တင်ပြထားပါတယ်။ ကော်မတီရဲ့ တွေ့ရှိချက် ၁၉ ချက်ထဲမှာ ရှေ့နေ၊ ဥပဒေ၀န်ထမ်း၊ တရားသူကြီး၊ အမှုသည်၊ သက်သေတွေဟာ တရားဥပဒေ စိုးမိုးရေးဆွေးနွေးတဲ့အခါ အကြောက်တရားကြီးပြီး ပွင့်ပွင့်လင်းလင်း မပြောရဲသေးဘူးလို့ ပါရှိပါတယ်။ စွပ်စွဲခံရသူကို ညှဉ်းပန်းနှိပ်စက်ပြီး ရတဲ့ထွက်ချက်နဲ့ တိုက်ချက်ဖွင့်တာတွေ၊ တရားသူကြီးတွေ အုပ်ချုပ်ရေးပိုင်းကို ကြောက်နေရတာတွေရှိသလို အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးမှာ ဩဇာလွှမ်းမိုးမှုရှိနေတာနဲ့ လွတ်လပ်စွာ တရားစီရင်ရေးလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ၀င်ရောက်စွက်ဖက်မှုကင်းဖို့ အထူးလိုအပ်တာ စတာတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကြားဖြတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဒီနေ့ ကြိုတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024