ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းပေါင်းချုပ် စာအုပ်ထုတ်ဝေ
DVB
·
November 13, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကို စုစည်းပြီး စာရေးဆရာသန်းဝင်းလှိုင်က ‘ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းပေါင်းချုပ်’ အမည်နဲ့ ဒီနေ့ စတင်ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန်းခွန်းစကားတွေထဲက ၁၉၈၈ ခုနှစ် ဩဂုတ် ၂၄ ရက်နေ့ ရွှေတိဂုံအနောက်ဘက်မုခ် မိန့်ခွန်းနဲ့ စခဲ့ပြီး နောက်ပိုင်းကနေ အခုလက်ရှိ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ယေးလ်တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအထိ စုစည်းထားပါတယ်။
ဆရာ သန်းဝင်းလှိုင်က “ဘာလို့ ဒီစာအုပ်ကိုရေးရလဲ ဆိုတော့ တစ်အချက်က ဒီကနေ့ နိုင်ငံရေးဆိုတာဘာလဲ။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲ။ လူ့အခွင့်အရေး ဆိုတာဘာလဲ အဲဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအဖွဲ့အစည်းတွေ နိုင်ငံရေးအခမ်းအနားတွေမှာ ကြုံသလို ပြောခဲ့တဲ့ဟာတွေကို ပြည်သူလူထုထဲမှာ စိမ့်ဝင်ပျံ့နှံ့ပြီး နားလည်သဘောပေါက် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စာမျက်နှာ ၄၃၈ မျက်နှာပါတဲ့ ဒီစာအုပ်ကို ဩစတြေးလျနိုင်ငံက ဒေါက်တာမနုရီက ထုတ်ဝေတာဖြစ်ပြီး နိုင်ငံတကာကို ပို့ခမပါ ၁ အုပ် ၁၅ ဒေါ်လာနှုန်းနဲ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းကိုလည်း ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
စာရေးဆရာသန်းဝင်းလှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စုစည်းဖော်ပြတဲ့ စာအုပ်ပေါင်း ၅ အုပ် ထုတ်ဝေခဲ့ပြီး ဒီစာအုပ်ဟာ ၆ အုပ်မြောက် ဖြစ်ပါတယ်။ နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် ဘ၀နဲ့ ဓာတ်ပုံမှတ်တမ်းများ ဆိုတဲ့ စာအုပ်ကိုလည်း ၇ အုပ်မြောက်အဖြစ် ထုတ်ဝေဦးမယ်လို့ ပြောပါတယ်။
