Home
ဆောင်းပါး
မှားမှန်ခွဲခြား သတင်းစကား
DVB
·
May 16, 2019
ဒစ်ဂျစ်တယ်ခေတ် ရောက်လာတဲ့အခါ သတင်းစကားတွေဟာ တခါတရံ  မြင်းရိုင်းတကောင်လို အရှိန်အဟုန်နဲ့ ဒုန်းစိုင်း ပြေးတတ်သလို တခါတရံ မုန်တိုင်းတခုလို တိုက်ခိုက်လာတတ်ပါတယ်။ ဘယ်သတင်းဟာ မှန်တယ်၊ ဘယ်သတင်းဟာ မှားတယ်ဆိုတာ ဝေခွဲလို့မရခင်မှာပဲ အရာရာဟာ ကျွမ်းထိုးမှောက်ခုံ ပြိုလဲသွားပြီ ဖြစ်ပါတယ်။ အမှန်တရားဟာ ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာ အမှားတွေကတော့ ကမ္ဘာပတ်ပြီးနေပါပြီ။ သတင်းမှားနဲ့ အလားသဏ္ဌာန်တူတဲ့ မြင်းရိုင်းတွေ မုန်တိုင်းတွေရဲ့ အရှိန်အဟုန်ကို ချုပ်ကိုင်ဖို့ထက် သူတို့သဘော သူတို့သဘာဝကို နားလည်ပြီး သူတို့ရဲ့အန္တရာယ်ကို တိမ်းရှောင် ကာကွယ်နိုင်အောင် ကြိုးစားရမှာက ကျေန်ာတို့ သာမန်စာဖတ်သူတွေပါ။ အဲဒါမှ အမှားတွေကြားမှာ ပိတ်မိနေတဲ့ဘဝက လွတ်မှာပါ။ သတင်းမှားတွေကို တိမ်းရှောင်နိုင်ဖို့ အလွယ်ဆုံး၊ အမြန်ဆုံး၊ ပထမဆုံးလုပ်ရမယ့် အလုပ်က မျက်စိရှေ့ ရောက်လာတဲ့ သတင်းဟာ မှန်မမှန် စိစစ်ဖို့ပါပဲ။ ကဲ ဘယ်လိုစိစစ်ကြမလဲ။ ကျွမ်းကျင်တဲ့ သတင်းသမားတွေရဲ့ အကြံပြုချက်ကတော့ သတင်းမဖတ်ခင် သတင်းရင်းမြစ်တွေကို အရင်ဆန်းစစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာဆိုရင် အပြာရောင်အဝိုင်းထဲမှာ အမှန်ခြစ်ကလေးတခုပါမှ အဲဒီသတင်းဌာနဟာ အစစ်အမှန်ဖြစ်ပါတယ်။ ဥပမာ BBC သတင်းဌာန အစစ်ဟုတ်မဟုတ်ဆိုတာ သေချာအောင် BBC တံဆိပ်အောက်မှာ အပြာရောင်အဝိုင်းထဲက အမှန်ခြစ်ပါမပါ စတင်စစ်ဆေးဖို့ လိုပါတယ်။ နောက်တခုက သတင်းဌာနရဲ့ ရည်ရွယ်ချက်နဲ့ လိပ်စာတွေ မှန်မမှန်ကို စစ်ဆေးသင့်ပါသေးတယ်။ ဒါ့အပြင် သတင်းမဖတ်ခင် သတင်းရေးတဲ့သူကို စစ်ဆေးဖို့လိုပါတယ်။ သူဟာ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးလေ့ရှိသူ ဟုတ်မဟုတ်၊ တနည်းအားဖြင့် ပဋိပက္ခတွေကို ဦးတည်ရေးတဲ့သူ ဟုတ်မဟုတ်ဆိုတာ ဂရုပြုသင့်ပါတယ်။ မကောင်းတဲ့ အတွေးတွေကို ပွားများလာအောင် ရေးတဲ့ သတင်းကို ဖတ်မိရင် သတင်းဖတ်သူဟာ မကောင်းမြင်ဘက်ကိုပဲ တွေးတောဖို့ လေ့ကျင့်သလိုဖြစ်ပြီး နောက်ဆုံး မကောင်းမှုတွေ လုပ်မိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယုံကြည်ရတဲ့ သတင်းရေးသူ သတင်းဌာနက သတင်းတွေကို ဖတ်ဖို့ ရွေးချယ်ရပါမယ်။ တကယ်လို့ သတင်းရေးသားသူက ယုံကြည်ရသူဖြစ်တယ် ဆိုရင်တောင် သူ့သတင်းအတွက် ကိုးကားထားတဲ့ သတင်းရင်းမြစ်တွေကို စစ်ဆေးရမှာပါ။ ရှေ့နောက်ညီရဲ့လား၊ အချက်အလက် ကိုက်ညီမှု ရှိရဲ့လား၊ ရင်းမြစ်ဟာ စိတ်ချရရဲ့လား စသဖြင့်ပါ။ တခါတလေ သတင်းရေးသူလည်း အထင်မှား အမြင်မှားတတ်လို့ပါ။ တခါတရံ လွန်ခဲ့တဲ့နှစ်က အဖြစ်အပျက် ပြောစကားတွေကို ဒီနေ့ဖြစ်နေသလိုလို ထုတ်လွှင့် ဖော်ပြတတ်ပါတယ်။ ဂုတ်သိက္ခာရှိတဲ့ သတင်းဌာနတွေကတော့ ပြန်လည်ထုတ်လွှင့်တာ ဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြတတ်ပါတယ်။ အဲဒါကြောင့် သတင်းတပုဒ်ကို ဖတ်တဲ့အခါ ရက်စွဲကိုလည်း စစ်ဆေးဖို့ အကြံပြုပါတယ်။ စာရေးသူဟာ တခါတခါ သရော်တော်တော် ပြောတတ်ပါတယ်။ အဲဒါကို အတည်မယူမိဖို့လည်း လိုပါတယ်။ အဲဒါကြောင့် ဆောင်းပါးတချို့ရဲ့ ခေါင်းစဉ်အောက်မှာ သရော်စာဆိုပြီး အတိအလင်း ရေးထားတတ်ပါတယ်။ ဒါကြောင့် စာဖတ်တဲ့အခါ စာရေးသူဟာ သရော်တော်တော် ရေးလေ့ရှိသူလား ဆိုတာလည်း သိထားဖို့လိုပါတယ်။ တချို့သတင်းတွေကို ဖတ်တဲ့အခါ စာဖတ်သူဟာ ခေါင်းစဉ်ကလေးကိုသာ ဖတ်ပြီး မှတ်ချက်ပြုတတ်ပါတယ်။ သတင်းခေါင်းစဉ်ဆိုတာ လူတွေ စိတ်ဝင်စားအောင် အတိုချုပ် ရေးသားရတာမို့ နားလည်မှု လွဲတတ်ပါတယ်။ ဒီသတင်းဟာ နိုင်ငံခြားမှာ ဖြစ်တာလား၊ မြန်မာပြည်မှာ ဖြစ်တာလား၊ ဘယ်အချိန်တုန်းက ဖြစ်တာလဲ၊ ဘာကိုပြောချင်တာလဲ ဆိုတာတွေကို သိဖို့ သတင်းတပုဒ်လုံးကို ဖတ်သင့်ပါတယ်။ အဲဒါမှ လိပ်ပတ်လည်မှာ ဖြစ်ပါတယ်။ သတင်းတုရေးတဲ့သူတွေဟာ ဟုတ်သယောင်ယောင် သတင်းတွေ ရေးတတ်သလို လူတွေဖြစ်ချင်နေတဲ့ အကြောင်းအရာတွေကို ရေးပြီး စာဖတ်သူကို လှည့်စားတတ်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားပြီး မြစ်ဆုံအရေးဆွေးနွေးတာ အောင်မြင်တယ်ဆိုတဲ့ သတင်းမျိုးပါ။ သတင်းဖတ်သူတွေဟာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး စိတ်ပူပန်နေချိန်မှာ ဒီသတင်းမျိုးကို အမှားအမှန် မဆန်းစစ်ဘဲ ယုံကြည်ပြီး လက်ဆင့်ကမ်းတတ်ကြပါတယ်။ တကယ်လို့ ဒီသတင်းရေးတဲ့သူ၊ သတင်းဌာနနဲ့ သတင်းရင်းမြစ်တွေကို သေချာစိစစ်မယ်ဆိုရင် သတင်းဟာ မရေရာတဲ့ သတင်းတုတခုသာ ဖြစ်နေတယ်ဆိုတာ တွေ့ရပါမယ်။ အဲဒါကြောင့် သတင်းစားသုံးသူဟာ စိတ်ထဲက သေချာနေပြီလို့ ထင်ရင်တောင်မှ သေချာသည်ထက် သေချာအောင် သတင်းနဲ့ပတ်သက်လို့ ကျွမ်းကျင်နှံ့စပ်သူတွေ မေးမြန်းသင့်ပါတယ်။ တခါတလေ သတင်းဖတ်သူဟာ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ အုပ်စုစွဲ၊ ဝါဒစွဲတွေကြောင့် ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို သဘောထားပြီး တဖက်ဖက်ကို ဇောင်းပေး အလေးထားတတ်တာ တွေ့ရပါတယ်။ အဲဒါဟာ အလွန်အန္တရာယ်များပါတယ်။ သေးဖွဲတဲ့ ပြဿနာကလေးကနေ ကြီးမားတဲ့ ပဋိပက္ခတွေအထိ ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် သတင်းတပုဒ် ဖတ်တဲ့အခါ သမာသမတ်ကျဖို့ အစွဲကင်းဖို့ လိုပါတယ်။ အတိုချုပ်ပြောရရင် သတင်းစားသုံးသူဟာ သတင်းအဆိပ်မသင့်ရေးအတွက်... ၁။ သတင်းရင်းမြစ်ကို ဆန်းစစ်ပါ။ ၂။ သတင်းရေးသူကို ဆန်းစစ်ပါ။ ၃။ ရက်စွဲကို ဆန်းစစ်ပါ။ ၄။ အထောက်အထားတွေကို ဆန်းစစ်ပါ။ ၅။ သရောစာဟုတ်မဟုတ် ဆန်းစစ်ပါ။ ၆။ ကျွမ်းကျင်သူတွေကို မေးပါ။ ၇။ အစွဲကင်းကင်းနဲ့ ဖတ်ပါ။ စတာတွေကို လိုက်နာရမှာပါ။ ဒါမှ အာဟာရဖြစ်တဲ့ သတင်းတွေကို စားသုံးရင်း အသိဉာဏ်တွေ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။     ။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024