Home
ဆောင်းပါး
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်
DVB
·
May 15, 2019
နိုင်ငံရေးအကျဉ်းသား ဝေါဟာရ သတ်မှတ်မှုနှင့် ပတ်သက်၍ ၁။ ရာဇသတ်ကြီးတွင် နိုင်ငံရေးအကျဉ်းသားဟူသော စကားရပ်ကို အောက်ပါအတိုင်း တွေ့ရပါသည်။ (က)    ပုဒ်မ ၁၂၈ တွင် နိုင်ငံရေးအကျဉ်းသားကို သို့တည်းမဟုတ် စစ်သုံ့ပန်းကို ပြည်သူ့ဝန်ထမ်းက မိမိအလိုအလျောက် လွတ်ပြေးစေခြင်းဟု လည်းကောင်း၊ (ခ)    ပုဒ်မ ၁၂၉ တွင် ပြည်သူ့ဝန်ထမ်း ပေါ့လျော့မှုကြောင့် နိုင်ငံရေးအကျဉ်းသားကို သို့တည်းမဟုတ် စစ်သုံ့ပန်းကို လွတ်ပြေးစေခြင်းဟု လည်းကောင်း၊ (ဂ)    ပုဒ်မ ၁၃၀ တွင် နိုင်ငံရေးအကျဉ်းသား သို့တည်းမဟုတ် စစ်သုံ့ပန်း လွတ်ပြေးရာတွင် ကူညီခြင်း၊ ကယ်ခြင်း၊ လက်သင့်ခံခြင်းဟု လည်းကောင်း၊ ၂။    ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်လက်စွဲ အပိုဒ် ၇၄၃၊ ၇၄၅ မှ ၇၅၆ ထိတွင် နိုင်ငံရေး အကျဉ်းသားအစား နိုင်ငံတော်အကျဉ်းသားဟူသည့် စကားလုံး အသုံးပြုခဲ့သည်ကို တွေ့ရှိရပါသည်။ ၃။    ၁၉၈၀ ခုနှစ်တွင် အမိန့်အမှတ် ၂/၈၀ နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးစဉ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခဲ့ပြီး အကျဉ်းဦးစီးဌာန မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ကောင်စီက နိုင်ငံရေးအကျဉ်းသားကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ (က)    မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ (ခ)    ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကို ဆန့်ကျင်သော ပြစ်မှုများ၊ (ဂ)    ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ပျက်စေသော ပြစ်မှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ၊ (ဃ)    ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ ဥပမာ-ပုဒ်မ ၅ (ည)၊ (င)    နိုင်ငံတော်ကို ဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှု၊ (စ)    နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀ (က)၊ ၁၀(ခ)၊ (ဆ)    ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများအားလုံးသည် နိုင်ငံရေးပြစ်မှု ဆိုသည့် စကားရပ်တွင် အကျုံးဝင်ပါသည်။ ၄။    ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့၌ ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် (Parliamentary Assembly, Council of Europe) မှ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ် အတည်ပြုသည့် ဆုံးဖြတ်ချက်ကို ၃၃ ကြိမ်မြောက် အစည်းအဝေးမှ ပြဋ္ဌာန်းခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ အားလုံးနှင့် အဖွဲ့ဝင်အဖြစ် လျှောက်ထားသော နိုင်ငံများအားလုံး သဘောတူလက်ခံသည့် နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များ အားလုံးကို အောက်ပါအကြောင်းပြချက်များဖြင့် ငြင်းပယ်ခြင်း ခံရသူများကို ဆိုလိုပါသည်- (က)    အာဏာပိုင်တို့က လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီမှုများ ဥရောပညီလာခံ (European Convention on Human Rights and its Protocols - EUHR) တွင် ပြဋ္ဌာန်းထားသော အခြေခံအခွင့်အရေးဆိုင်ရာ အာမခံချက်များ၊ အထူးသဖြင့် လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်များကို ချိုးဖောက်၍ ပုဂ္ဂိုလ်တဦး တယောက်အား ဖမ်းဆီး၊ ထိန်းသိမ်း၊ အကျဉ်းချထားလျှင်၊ (ခ)    အကယ်၍ လူတဦးတယောက်သည် မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေး အကြောင်းပြချက် သက်သက်ဖြင့် ဖမ်းဆီး၊ ထိန်းသိမ်း၊ အကျဉ်းချထားလျှင်၊ (ဂ)    အာဏာပိုင်တို့၏ နိုင်ငံရေးရန်ငြိုးကြောင့် လူတယောက်အား အပြစ်ရှိသည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသော ပြစ်ဒဏ်သည် စွပ်စွဲထားသော သံသယရှိသော ပြစ်မှုကြောင့် ချမှတ်သင့်သည့် ပြစ်ဒဏ်ထက် ပိုမိုများပြားနေလျှင်၊ (ဃ)    အာဏာပိုင်တို့၏ နိုင်ငံရေးရန်ငြိုးကြောင့် လူတယောက်သည် မတရား၊ မမျှတသော တရားစီရင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရလျှင်၊ ၅။    အမေရိကန် ဟာရီတိတ်ခ်ျ အဘိဓာန် (American Heritage Dictionary) တွင် နိုင်ငံရေးအကျဉ်းသားကို အစိုးရနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအမြင်တခုကို ယုံကြည်၍ လှုံ့ဆော်၍ ဖမ်းဆီး အကျဉ်းချခြင်း ခံရသူကို ခေါ်ဆိုပါသည်။ A person who has been imprisoned for holding or advocating dissenting political views. ၆။    ကောလင်း အင်္ဂလိပ်အဘိဓာန် (Collins English Dictionary) တွင် နိုင်ငံရေးယုံကြည်မှုတရပ်ကို လက်ခံ၍၊ ဖော်ထုတ်၍၊ ယုံကြည်မှုအတိုင်း ဆောင်ရွက်၍ ဖမ်းဆီး အကျဉ်းချခြင်း ခံရသူကို နိုင်ငံရေးအကျဉ်းသားဟု ခေါ်ဆိုပါသည်။ Someone imprisoned for holding, expressing, or acting in accord with particular political beliefs. ၇။    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့သည် အခြား မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ နှီးနှောဖလှယ်ပွဲတခုအား ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ကို သတ်မှတ်ခဲ့ကြပါသည်။ မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသား အခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတရပ်ရပ်အရ ဖြစ်စေ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် ၃ ရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တဦးချင်း ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားနည်းတခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လုပ်ဆောင်နိုင်ခဲ့မှုများ ၈။    ၁၂-၁၁-၂၀၁၁ ရက်နေ့တွင် ကော်မရှင်က ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (Prisoner of Conscience) အား လွှတ်ပေးရေးကို ထည့်သွင်း တောင်းဆိုပေးခဲ့ဖူးပါသည်။ ၉။    ၁၀-၁၂-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သတင်းထုတ်ပြန်ချက်၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး သမ္မတထံ တင်ပြခဲ့ကြောင်း ကော်မရှင်၏ လုပ်ဆောင်ချက်ကို ဖော်ပြခဲ့ပါသည်။ ၁၀။    နိုင်ငံတော်သမ္မတမှ ၁၉-၂-၂၀၁၃ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တဦး ပါဝင်ခဲ့ပါသည်။ ကော်မတီအစည်းအဝေး ၁၃ ကြိမ် ပြုလုပ်ခဲ့ပြီး ကော်မရှင်၏ ထောက်ခံတင်ပြချက်အရ နိုင်ငံရေးအကျဉ်းသား ၃၅၄ ဦး လွတ်မြောက်ခဲ့ပါသည်။ ၁၁။    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်တွင် ပြစ်မှုကြီးများမရှိသော နိုင်ငံရေး အကျဉ်းသမားများကို တယောက်မကျန် လွတ်မြောက်ရေးအတွက် သီးသန့်လွတ်ငြိမ်းခွင့် အမိန့်တရပ် ထုတ်ပြန်ပေးပါရန် ကော်မတီမှ နိုင်ငံတော်သမ္မတထံ အကြံပြုခဲ့ရာ ၃၀-၁၂-၂၀၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၆၀ ဦး၊ အချုပ်သား ၁၂ ဦး လွတ်မြောက်ခဲ့ပါသည်။ ၁၂။    ၂၀၁၆ ခုနှစ် ဧပြီလ မဟာသင်္ကြန်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်အဆင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ရာတွင် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးတို့ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ဧပြီ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၁၅ ဦး၊ ဧပြီ ၁၇ ရက်နေ့တွင် ၈၃ ဦး လွတ်မြောက်ခဲ့ပါသည်။ ၁၃။ ကော်မရှင်အနေဖြင့် ကော်မရှင် ဥပဒေနှင့်အညီ အကျဉ်းထောင်များ၊ အကျဉ်းစခန်းများ ကြည့်ရှုစစ်ဆေးခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ တွင်    အကျဉ်းထောင် ၁၁ ခု၊ အကျဉ်းစခန်း ၄ ခု၊ ၂၀၁၆ တွင် အကျဉ်းထောင် ၈ ခု၊    အကျဉ်းစခန်း ၅ ခု၊ ၂၀၁၇ တွင် အကျဉ်းထောင် ၂၄ ခု၊ အကျဉ်းစခန်း ၂၁ ခု၊ ၂၀၁၈ တွင် အကျဉ်းထောင် ၂၅ ခု၊ အကျဉ်းစခန်း ၂၅ ခုတို့ ဖြစ်ပါသည်။ ၁၄။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မိမိကိုယ်မိမိ နိုင်ငံရေးအကျဉ်းသားဟု တင်ပြသူများ မတွေ့ရှိခဲ့ရသော်လည်း AAPP ၏ စာရင်းအရ ၄၈ ဦးရှိကြောင်း သိရှိရပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ၉၅၃၅ ဦး၊ ဧပြီလ ၂၆ ရက်တွင် ၆၉၄၈ ဦးနှင့် မေလ ၇ ရက်နေ့တွင် ၆၅၂၀ ဦး ပေါင်း ၂၃၀၀၃ ဦး လွတ်မြောက်သည့်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပါဝင်သဖြင့် လက်ကျန် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးသာ ကျန်ရှိသည်ဟု သိရှိရပါသည်။ အကြံပြုတင်ပြချက် ၁၅။    အကျဉ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ရှိနေဆဲဟု ခံယူနေကြသူများ ရှိနေသကဲ့သို့ မရှိပါဟု ဖော်ပြမှုများလည်း ရှိနေပါသည်။ ဤသို့ဖြစ်ရခြင်းမှာ အကျဉ်းကျနေသော လူပုဂ္ဂိုလ်တဦးကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်နိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဟု ငြင်းဆိုရန်အတွက် လည်းကောင်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ချက်တရပ် ရှိရန်မှာ အလွန်အရေးကြီးသော ကဏ္ဍတရပ် ဖြစ်လာပါသည်။ ယင်းကဲ့သို့ သတ်မှတ်နိုင်ရေးအတွက် ဆက်စပ်ပတ်သက်သော ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့တရပ် ဖွဲ့စည်းပေးပြီး ယင်းအဖွဲ့မှ နိုင်ငံရေးအကျဉ်းသားဟူသည့် အဓိပ္ပာယ်ကို သဘောတူ သတ်မှတ်ပေးသင့်ပါသည်။ အဆိုပါသတ်မှတ်ချက်ကို တရားဝင် အတည်ပြုပေးပြီး သက်ဆိုင်ရာ ဥပဒေတရပ်ရပ်၌ အဓိပ္ပာယ်ဖွင့်ဆိုချက် ကဏ္ဍတွင် ထည့်သွင်းဖော်ပြပေးခြင်းဖြင့် အငြင်းပွားမှုများကို ရပ်ဆိုင်းစေနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း အကြံပြုအပ်ပါသည်။ ဦးယုလွင်အောင် (အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024