၁ ဧက ကျပ် ၈ သောင်းနှုန်း စိုက်ပျိုးစရိတ် ချေးတော့မည်
ရွှေအောင်
·
October 24, 2012
အခုလာမယ့် နွေစပါးစိုက်ရာသီကစပြီး လယ်သမားတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ၁ ဧက ကျပ် ၈ သောင်းနှုန်း တိုးမြှင့်ထုတ်ချေးပေးတော့မယ်လို့ သိရှိရပါတယ်။
အခုလို တိုးမြှင့် ထုတ်ချေးပေးတော့မယ့်အကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဆန်စပါးအသင်း အစည်းအဝေးပွဲတခုမှာ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ပြန်ကြားရေး တာဝန်ခံဒေါက်တာစိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မိုးစပါးစိုက်ရာသီကစပြီး ၁ ဧက ကျပ် ၅ သောင်းနှုန်း ထုတ်ချေးပေးနေရာကနေ အခုလို တိုးမြှင့် ထုတ်ချေးလိုက်တာပါ။ အခုလို ချေးငွေတိုးထုတ်ပေးတာဟာ လယ်သမားတွေအတွက် လုံလောက်မှုမရှိသေးပေမယ့်လည်း ကြိုဆိုတယ်လို့ ဆန်စပါးအသင်း ပြန်ကြားရေး တာဝန်ခံ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“၁ ဧက စိုက်စရိတ်က အကြမ်းဖျင်းတော့ စာရင်းဇယားအရ ၁ သိန်း ၄ သောင်းကနေ ၁ သိန်း ၈ သောင်းလောက် ကုန်တာပေါ့နော်။ ၈ သောင်းလောက်ထိ ရလာတယ်ဆိုတော့ တက်လာတာပေါ့။ ဒါပေမယ့် အခက်အခဲလေးတွေက ရှိသေးတယ်။ ကျေးလက်ဒေသမှာက ဘဏ်ခွဲတွေ မရှိလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဘဏ်ကော်မတီအတွင်းရေးမှူးတွေက တဆင့် ဆက်သွယ်ရတော့ မလိုအပ်တဲ့ အကူးအပြောင်း ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါပါ လျှော့ချနိုင်အောင် ကျေးလက်အထိ ဘဏ်ခွဲဖွင့်နိုင်အောင် တောင်းဆိုတာပါ။”
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း စိုက်ပျိုးစရိတ်ချေးငွေကို တဆင့်ပြီးတဆင့် တိုးမြှင့်ထုတ်ချေး ပေးလာခဲ့ပါတယ်။ အရင် ၁ ဧက ကျပ် ၁ သောင်းပဲ ထုတ်ချေးပေးနေရာက ကျပ် ၂ သောင်း၊၂၀၁၂ ခုနှစ်မှာတော့ ကျပ် ၄ သောင်း၊ ကျပ် ၅ သောင်းထိ တိုးမြှင့်ခဲ့ပြီး အခု လာမယ့် ၂၀၁၃ ခုနှစ်ကစလို့ ၁ ဧက ကျပ် ၈ သောင်းထိ ထုတ်ချေးပေးတော့မှာ ဖြစ်ပါတယ်။
နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ဟာ တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာမှာ လိုသလောက် လယ်ဧကကို ထုတ်ချေးတာမဟုတ်ဘဲ တောင်သူတဦးကို အများဆုံး လယ် ၁၀ ဧကအတွက်ပဲ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မိုးစပါးနဲ့ နွေစပါး စိုက်ဧကစုစုပေါင်း ၈ သန်းလောက်ရှိပါတယ်။