Home
မြန်မာသတင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံဥပဒေပြင်ဆင်ရာတွင် ထည့်သွင်းရန် တောင်းဆို
DVB
·
April 11, 2019
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အ၀အကာအကွယ်ပေးဖို့အတွက်  အခြေခံဥပဒေမှာ ပြင်ဆင်ထည်သွင်းပြဋ္ဌာန်းပေးဖို့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းပေါင်း ၂၀ က  ဒီကနေ့ ဧပြီ ၁၁ ရက်နေ့စွဲနဲ့ ပူးပေါင်း ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လက်ရှိ လွှတ်တော်တွင်းမှာ ကော်မတီသစ်ဖွဲ့စ ဖွဲ့စည်းဆောင်ရွက်နေတာကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီအခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်တို့ကို အကာအကွယ်ပေးဖို့ အခွင့်အရေး တရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အာမခံချက်ပေးနိုင်မယ့်တွေကိုလည်း အခြေခံ ဥပဒေပြင်ဆင်ရာမှာ ထည့်သွင်းပေးဖို့လည်း အဆိုပါ အဖွဲ့ ၂၀ က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။ အကြံပြုထားတဲ့ အချက်တွေထဲမှာ အစိုးရအာဏာပိုင်တွေထံက သတင်းအချက်ရယူပိုင်ခွင့် ကို အာမခံချက်ပေးတဲ့ သီးခြားပုဒ်မသစ်တခု ထည့်သွင်းရေးဆွဲဖို့၊ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အ၀ အာမခံချက်ပေးတဲ့ ပုဒ်မသစ်တခု ထည့်သွင်းဖို့နဲ့ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်တွေကို လိုအပ်မှသာ လုပ်ဆောင်ဖို့တွေ အကြံပြုထားပါတယ်။   ဒါ့အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၅၄ နဲ့ ပုဒ်မ ၃၆၅ အစား ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICCPR) ပုဒ်မ ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို အကာအကွယ်ပေးထားတဲ့ အချက်တွေထည့်သွင်းဖို့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ အကာအကွယ်ပေးနိုင်မယ့်  ပုဒ်မ တခုနဲ့ အစားထိုး ရေးဆွဲဖို့ လည်း တိုက်တွန်းထားပါတယ်။ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အကာကွယ်ပေးဖို့ ဒီမိုကရေစီ နိုင်ငံတခုမှာ လိုအပ်တဲ့ အာမခံချက်တွေကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းထားခြင်း မရှိတဲ့ အကြောင်းနဲ့ ရှိတဲ့ ပြဋ္ဌာန်းချက်တွေဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိသလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို တရားစွဲဖို့ ကျယ်ပြောတဲ့ ဥပဒေတွေကို အသုံးပြုနေနိုင်တဲ့ အချက်ဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းနဲ့ ဒီမိုကရေစီ အရည်အသွေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။ ခုလို တောင်းဆိုလိုက်တဲ့ အဖွဲ့တွေထဲမှာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ ၊ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ၊  ညီမျှခြင်းမြန်မာ၊ မျိုးဆက်သစ်လှိုင်း၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း၊ HRW၊ ICJ အဖွဲ့နဲ့ သတင်းမီဒီယာအဖွဲ့တွေဖြစ်ကြတဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၊  RSF၊ SEAPA IPI၊ BNI၊ MJA၊ MJU၊ MWJS၊ MJU နဲ့ PEN Myanmar စတဲ့ အဖွဲ့တွေ ပူးပေါင်းပါဝင်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024