ရေအရင်းအမြစ်ဌာန ညွှန်ချုပ်အပါအ၀င် ၅ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
DVB
·
April 11, 2019

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအအ၀င် အဆင့်မြင့် အရာရှိကြီး ၅ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာပါတယ်။
အဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုညွှန်ကြားရေးမှူးချုပ်)၊ ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နဲ့ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အမှုဖွင့်လှစ် အရေးယူ လိုက်တာဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ်တွေရဲ့ အဂတိလိုက်စားမှုတွေကို သိရှိနိုင်ဖို့နဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားချက်နဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ ရာမှာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ငွေကျပ်သိန်း ၅၃၀၀ ကျော် အဂတိလိုက်စားမှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်ရဲ့ ဧပြီ ၁၀ရက် ထုတ်ပြန်ချက် အရသိရတယ်။
အဆိုပါအရာရှိ ၅ ဦးတို့ဟာ ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ ဘတ်ဂျက်တွေကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ငွေကျပ် ၂၃၇၆၉၇၇၈၀.၂၂ ၊ ၂၀၁၅ ခုနှစ်မှာ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄၊ ၊ ၂၀၁၇ ခုနှစ်မှာ ငွေကျပ် ၁၂၉၅ သိန်း၊ ၂၀၁၈ ခုနှစ်မှာ ငွေကျပ် ၈၁၀ သိန်းကို လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး အပါအ၀င် ၅ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းမှာ ဧပြီ ၁၀ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ACCM