ထိုင်းနိုင်ငံ ရွေးကောက်ပွဲ နောက်ဆက်တွဲနဲ့ သိကောင်းစရာများ

ဓာတ်ပုံ - AFP
ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ မသေချာ မရေရာမှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မှု တိုးပွားနေကြပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ လုပ်ရည်ကိုင်ရည် ပြည့်မီမှုမရှိဘူး၊ သမာသမတ် မဖြစ်ဘူးလို့ ဝေဖန်နေကြချိန်မှာပဲ တက်သစ်စ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်အချို့ကို ဆူပူရန်လှုံ့ဆော်မှုနဲ့ တရားစွဲမှုတွေ ပြန်ဖြစ်လာပါတယ်။ ရွေးကောက်ပွဲ အပြီးသတ်ရလဒ်တွေ ကြေညာပေးဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က တလခွာပြီး မေလထဲမှာမှ ကြေညာမယ်၊ (၉၅% က မဲရေတွက်ပြီးနေပါပြီ) အချို့နေရာ ၄ ခုလောက်မှာ ပြန်ပြီး ရွေးချယ်မဲပေးတာတွေ ပြန်လုပ်ရမယ်၊ အချို့နေရာတွေမှာ မဲပြန်ရေတွက်ရမယ် ဆိုတာတွေကြောင့် ‘ဂျင်း’ တွေများ ဝင်လာမလားဆိုပြီး ဝေဖန်မှုတွေ ဖြစ်လာပါတယ်။ ဒီအချိန်မှာ ကျနော့်မိတ်ဆွေတယောက်က ထိုင်းနိုင်ငံရေးစနစ် ဖွဲ့စည်းပုံကို သိချင်လို့ မေးခွန်းတွေ မေးလာပါတယ်။ မြန်မာ့နိုင်ငံရေး လေ့လာသူတွေအတွက်လည်း နှိုင်းယှဉ် စဉ်းစားနိုင်အောင် ရေးသင့်တယ်ဆိုပါတယ်။ ဒါကြောင့် ကျနော်သိသမျှ ပြန်ဖောက်သည်ချလိုက်ပါတယ်။ (မှားရင် ပြင်ပေးကြပါ)။ အထက်လွှတ်တော်ဖွဲ့စည်းခြင်း အထက်လွှတ်တော်အတွက် မဲဆန္ဒနယ်သတ်မှတ်ခြင်း အထက်လွှတ်တော် (ဆီးနိတ်) ကို ဘယ်လိုဖွဲ့စည်းတာလဲ။ ထိုင်းနိုင်ငံမှာ အရင်ကာလတွေကတည်းက ဆီးနိတ်မှာ ရွေးကောက်မခံရသူတွေ ပါဝင်ခဲ့ဖူးပါတယ်။ ဘုရင်စနစ် ဖြစ်လေတော့ ဘုရင့်ဂိုဏ်းသား၊ သို့မဟုတ် ယုံကြည်စိတ်ချရသူ မှူးကြီးမတ်ရာတွေကို ထည့်တဲ့သဘော ရှိခဲ့ဖူးပါတယ်။ ရွေးချယ်တင်မြှောက်မခံရသူ (Non-elected) တွေကို ထိုင်းနိုင်ငံရေးမှာ ပါဝင်စေတာ အထူးအဆန်းတော့ မဟုတ်ပါ။ အခုပြောရရင် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ကို ထိုင်းအာဏာသိမ်းအစိုးရ (NCPO - National Council for Peace and Order) က ခန့်အပ်တာ ဖြစ်ပါတယ်။ ဘယ်လို ရွေးချယ်ပါသလဲ။ ကိုယ်စားလှယ် ၂၅၀ ရွေးရမယ့်အနက် ၁၉၄ ဦးကို NCPO က ရွေးချယ်ပါတယ်။ hand-picked လို့ ပြောကြတဲ့ ကိုယ်ကြိုက်သူ ကိုယ်ခန့်တာပါ။ အဲဒါအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ကိုတော့ ၆ ဦး လျာထားပါတယ်။ ကာချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်၊ အမျိုးသားရဲချုပ်တို့လည်း ပါဝင်ပါတယ်။ ကျန် ၅၀ ဦး အတွက်ကိုတော့ သက်မွေးဝမ်းကြောင်းနယ်ပယ် ၁၀ ခုက ရွေးချယ်ပါတယ်။ ဗျူရိုကရက်များ၊ ကျောင်းဆရာများ၊ တရားသူကြီးများ၊ လယ်သမားများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ SME၊ အနုပညာသမား၊ မီဒီယာ၊ အမျိုးသမီး၊ တိုင်းရင်းသား၊ မသန်စွမ်း … စတဲ့ အစုအဖွဲ့တွေပါပဲ။ [ပုံ ဖော်ပြထားပါတယ်] ဒီအစုအဖွဲ့တွေက ကိုယ့်အစုအဖွဲ့အလိုက် နာမည်တွေ အဆိုပြုရပါတယ်။ အချို့အစုအဖွဲ့တွေကတော့ မဲပေးရွေးချယ်မှုတွေ ရှိပါတယ်။ အဲဒီကမှ စုစုပေါင်း ကိုယ်စားလှယ် အဆိုပြုခံရသူ နာမည်စာရင်း ၂၀၀ တက်လာပါတယ်။ အဲဒီ ၂၀၀ ကမှ NCPO အာဏာသိမ်းစစ်ကောင်စီက ၅၀ ကို ရွေးချယ်ပါတယ်။ အောက်လွှတ်တော် သတ်မှတ်ခြင်း အောက်လွှတ်တော်အတွက် မဲဆန္ဒနယ်သတ်မှတ်ခြင်း ထိုင်းအောက်လွှတ်တော် (ပါလီမန်) မှာတော့ ကိုယ်စားလှယ် MP ၅၀၀ ရှိပါတယ်။ အရင်ကာလတွေတုန်းကလည်း ၅၀၀ ပတ်ဝန်းကျင်ပါပဲ။ ထိုင်းနိုင်ငံမှာတော့ Propotional Representation (PR) စနစ်ကို သုံးပါတယ်။ မဲဆန္ဒရှင်တွေက မဲ ၂ မဲ ပေးရပါတယ်။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ် တမဲ၊ နိုင်ငံရေးပါတီကို တမဲ ပေးကြရတာပါ။ ပါတီတွေက ကိုယ်စားလှယ်အတွက် တိုက်ရိုက်ဝင်ပြိုင်သလို ပါတီမဲရရှိမှု အချိုးအတွက်လည်း ကိုယ်စားလှယ်တွေကို ၁-၂-၃-၄ အစဉ်လိုက် လျာထား ဖော်ပြထားကြရပါတယ်။ သို့သော် ပြောင်းလဲမှုက အရင်ပါလီမန်တွေတုန်းက ကိုယ်စားလှယ် ၄၀၀+ ပါတီစာရင်း (Party list) ၁၀၀ ဦး= ပေါင်း ၅၀၀ ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ကိုယ်စားလှယ် ၃၅၀+ ပါတီစာရင်း (Party list) ၁၅၀ ဦး= ပေါင်း ၅၀၀ ဦး အဖြစ် ပြောင်းလဲခဲ့တာပါ။ PR စနစ်ကျင့်သုံးခြင်းရဲ့ အားကောင်းချက်ကတော့ လူနည်းစုတွေကို ကိုယ်စားပြုနိုင်ဖို့ အခွင့်အရေး ပိုရစေမယ် ဆိုခဲ့ကြပါတယ်။ အဲဒါအပြင် ကိုယ်စားလှယ်ကို ကြိုက်တာကတမျိုး၊ ပါတီမူဝါဒတွေကို ကြိုက်တယ်ဆိုရင်လည်း လက်မလွတ်ရအောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရင်ကာလတွေတုန်းက ဒီစနစ်အပေါ် အခွင့်ကောင်းယူမှုတွေ ရှိခဲ့ကြပါတယ်။ လူနည်းစုတွေအတွက် PR စနစ် မဖြစ်စေခဲ့ပါဘူး။ ဆိုပါစို့။ ဘဏ်သူဌေးကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ ပါတီရန်ပုံငွေ အလှူများများ ထည့်ထားသူတွေက ပါတီစာရင်း (Party lists) ကနေ အမတ်ဖြစ်ဖို့ ‘ကတွတ်ဝက ဗျိုင်းစောင့်သလို’ အသာလေး စောင့်နေကြပါတယ်။ သူတို့က မပင်ပန်းပါဘူး။ လူလုံးပြ မဲဆွယ်စရာလည်း မလိုပါဘူး။ ပင်ပန်းခံ ဟောပြောစည်းရုံးစရာလည်း မလိုပါဘူး။ ပါတီကို ငွေလှူထားရုံပါပဲ။ ပါတီရတဲ့မဲ အချိုးကျ ကိုယ်စားပြုခွင့်ရတဲ့အခါ အလိုအလျောက် (အော်တိုမက်တစ်) အမတ်မင်း ဖြစ်လာပါတော့တယ်။ သူဌေးကြေးပံ့စနစ်မျိုး ပိုဖြစ်စေခဲ့ပါတယ်။ အခုအခါမှာတော့ အရင် တိုက်ရိုက်ရွေးကိုယ်စားလှယ် ၄၀၀ ကနေ၊ ၃၅၀ လျော့ချတဲ့အခါ မဲဆန္ဒနယ်မြေ အပြောင်းအလဲ ဖြစ်လာပါတယ်။ ဒီအခါ မဲဆန္ဒနယ်မြေ ပြန်လည်သတ်မှတ်မှုအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်လေမှာလား (Gerrymandering) သဘောမျိုး ဝေဖန်မှုတွေ အစောပိုင်းက ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ်ရွေးကောက်ပွဲ ဖြစ်လာတော့ ပြောဆိုတာ သိပ်မကြားရပါဘူး။ မဲဆန္ဒနယ် ၄၀၀ ကနေ၊ ၃၅၀ လျော့ချခဲ့ပါတယ်။ မဲပေးစနစ် ထိုင်းနိုင်ငံ စနစ်မှာ ကောင်းတာတခုက မဲမပေးမနေရ (compulsory) ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ အများမှာတော့ လူတွေက ကိုယ့်ဆန္ဒအလျောက် မဲပေးနိုင်ကြပါတယ်။ (Voluntary) စနစ်ပါ။ မဲမပေးလည်း နေလို့ရပါတယ်။ ဖွံ့ဖြိုးမှုနည်း၊ နိုင်ငံရေးရေချိန်နိမ့်တဲ့ နိုင်ငံတွေမှာတော့ မဲမပေးမနေရ (compulsory) စနစ်မျိုး ထားရှိတတ်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲစနစ်မှာ ဆန္ဒအလျောက် (voluntary) စနစ် ထားရှိသလဲ ဆိုတာတော့ ကျနော် ထူးဆန်းနေမိပါတယ်။ ဒီလို လူတိုင်းမဲပေးနိုင်ဖို့ ထိုင်းရွေးကောက်ပွဲအတွက် ပိတ်ရက်တွေကို သေချာစီစဉ်ပေးကြပါတယ်။ တခုကောင်းတာက လူတွေက နယ်ပြန်ကြ၊ မိသားစုပြန်ဆုံကြ၊ မဲပေးချိန်ဟာ မိသားစုပြန်ဆုံတွေ့ပွဲ (family reunion) လိုလည်း ဖြစ်နေတော့ ကောင်းတာတခုပါပဲ။ မဲမပေးရင် ဘာဖြစ်မလဲဆိုတော့ အဲဒီသူဟာ ခုအစိုးရသက်တမ်းကာလအတွင်း တိုင်ကြားဖို့၊ ပြောဖို့၊ ဆိုဖို့ အခွင့်အရေး မရှိတော့ပါဘူး။ သူ့ရဲ့ နိုင်ငံသားအခွင့်အရေး နစ်နာရပါတယ်။ ဒါကြောင့် လူအတော်များများက မဲလာပေးကြပါတယ်။ ဒါပေမယ့် အခု ၂၀၁၉၊ မတ်လ ရွေးကောက်ပွဲမှာ မဲလာပေးသူ (Voters turn-out) ကတော့ မဲပေးနိုင်သူ ၅၁ သန်းရှိတဲ့အနက် ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းတာ ၈၀% ရှိတယ် ဆိုပါတယ်။ အစောပိုင်း မဲရုံအထွက်စာရင်း အရ ဘန်ကောက်ပို့စ်သတင်းစာက ခန့်မှန်းတာက ၆၅.၆% လောက်ပဲလို့ ခန့်မှန်းခဲ့ပါတယ်။ အခုတခါ ရွေးကောက်ပွဲမှာ စစ်အစိုးရက ညစ်တာလား၊ တီထွင်ဖန်တီးတာလား သေချာမသိရတဲ့ ကိစ္စတခုက Primary (ပရိုင်မရီ) လို့ခေါ်တဲ့ ပါတီတွင်း လူကြိုတင်ရွေးချယ်မှုတွေ ဖြစ်ပါတယ်။ ပါတီအဖွဲ့ဝင် အောက်ခြေထုကနေ ကိုယ်စားလှယ် ရွေးချယ်ရေး မဲပေးစေရတာ ဖြစ်ပါတယ်။ ဒီလိုစနစ်မျိုးက အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရှိပါတယ်။ သမ္မတလုပ်မယ့် ကိုယ်စားလှယ်လောင်းက သူ့ပါတီ အောက်ခြေထုကြားထဲမှာ အကြိတ်အနယ် ပြိုင်ဘက်တွေနဲ့ နွှဲပြီးမှ နိုင်ငံအဆင့် ရွေးကောက်ပွဲကို တက်လာရတဲ့သဘော ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဒီလို ပဏာမရွေးကောက်ပွဲစနစ်ကို သုံးဖို့ စစ်အစိုးရခန့်အပ်ထားတဲ့ လွှတ်တော်က ဥပဒေဆွဲရာမှာ အတည်ပြုခဲ့ပါတယ်။ ဒီအကြံကို စပြီး အဆိုပြုသူက စစ်အစိုးရကို ထောက်ခံသူ ယခင်ဆီးနိတ်တာဟောင်း ဗိုလ်ချုပ်ကြီး ဆုမ်ဂျက် ဘွန်ထနွန် (Somjet Boonthanom) ဖြစ်ပါတယ်။ သူက နိုင်ငံရေးပါတီတွေအတွက် စည်းမျဉ်းဥပဒေတွေ ရေးဆွဲဖို့ ကော်မတီကို ဦးဆောင်ရသူပါ။ ကြားဖြတ်လွှတ်တော်က ၂ နာရီကြာ ဆွေးနွေးပြီး မဲ ၁၈၀-၀ နဲ့ အတည်ပြုခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကတော့ ကန့်ကွက်ကြပါတယ်။ ဒါဟာ ပါတီနိုင်ငံရေးကို ဝင်စွက်ဖက်တဲ့သဘော ဆန်တယ်လို့ ဆိုကြပါတယ်။ အခုလို primary ရွေးကောက်ပွဲတွေ ကျင်းပစေတာဟာ ပါတီနိုင်ငံရေးကို ဗဟိုချုပ်ကိုင်မှုလျှော့ချတာ (decentralize party politics) ဖြစ်တယ်။ မဲဆန္ဒရှင်တွေအတွက် ခွန်အားအာဏာ တိုးစေတယ်လို့ ဆိုပါတယ်။ မိုးကျရွှေကိုယ်တွေ ပါတီကနေ အမတ်မဖြစ်လာစေဖို့ သဘောပါပဲ။ ပါတီတွေက သူတို့အမတ်လောင်း၊ ဝန်ကြီးချုပ်လောင်း နာမည် ၃ ဦးကို ကြိုတင်ကြေညာပေးထားရပါတယ်။ ထူးခြားတာကတော့ အတိုက်အခံ ဝါရင့်ပါတီ ဒီမိုကရက်ပါတီက သူတို့ရဲ့ ပရိုင်မာရီ ရွေးကောက်ပွဲတွေကို ဘလော့ချိန်း နည်းပညာ (Blockchain) နဲ့ ကျင်းပခဲ့တာပါ။ သူတို့က နိုဝင်ဘာ ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ Live e-voting system အွန်လိုင်းမဲပေးစနစ်ကို သုံးပြီး ဇက်ကွိုင်း ဘလော့ချိန်း Zcoin blockchain နည်းပညာပံ့ပိုးမှုကို သုံးခဲ့ကြပါတယ်။ မဲပေးသူပေါင်း ၁၂၀,၀၀၀ ရှိခဲ့ပါတယ်။ မိုဘိုင်းမဲပေး Mobile voting apps နဲ့ မဲပေးနိုင်ပြီး အဲသလိုပေးမယ်ဆိုရင်တော့ ဓာတ်ပုံ ID လိုအပ်ပါတယ်။ မဲရုံကို လူကိုယ်တိုင်လာပေးလည်း ရပါတယ်။ အဲဒီမှာတော့ Raspberry Pi system သုံးပြီး မှတ်တမ်းယူပါတယ်။ သူတို့ရွေးကောက်ပွဲကို IPFS စနစ် (ကျနော်လည်း သေချာမသိပါ) သုံးပြီး မှတ်တမ်းမှတ်ရာတွေရဲ့ မှန်ကန်မှုကို အာမခံပါတယ်။ ဒီမှတ်တမ်းတွေကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကလည်း စစ်ဆေးကြည့်နိုင်သလို ပြိုင်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ပြန်လည်စစ်ဆေး ကြည့်ရှုနိုင်ကြောင်း အာမခံမှုရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရေးပါတီတွေမှာ ပထမဦးဆုံး နည်းပညာသုံး ရွေးကောက်ပွဲပါပဲ။ ကျန်ပါတီတွေကတော့ သူတို့နည်း သူတို့ဟန် ဆောင်ရွက်ကြပါတယ်။ ပါတီစာရင်း (Party lists) ကနေ ကိုယ်စားလှယ်ကို ဘယ်လိုဖော်မြူလာနဲ့ ရွေးချယ်မှာလဲ။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အရင် လူအများ နားလည်ထားတာက မဲ ၇ သောင်းဆိုရင် ကိုယ်စားလှယ်တယောက်လို့ နားလည်ထားကြတာပါ။ ဒါပေမယ့် အခုကျတော့ မဲ ၅ သောင်းဆို ကိုယ်စားလှယ်တယောက်လို့လည်း ပြောနေပြန်ပါတယ်။ နိုင်ငံရေးပါတီတွေ စောင့်ကြည့်လေ့လာသူတွေက ရွေး/ကော်ရဲ့ တွက်ချက်ပုံ ဖော်မြူလာကို ပွင့်လင်း မြင်သာ ထုတ်ပြန်ပေးဖို့ ပြောဆိုဝေဖန်မှုတွေ ရှိနေကြပါတယ်။ ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်အရည်အချင်း ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်အရည်အချင်း တစုံတရာ ရှိပါတယ်။ ကျနော် စာရေးချိန်အထိ သေချာရှာမတွေ့ပါဘူး။ သို့သော်လည်း ထူးခြားချက်က နိုင်ငံရေးပါတီများအတွင်း တင်ကြိုရွေးကောက်ပွဲ (primary) လုပ်စေတာတွေ တိုးလာပါတယ်။ ထိုင်းတော်ဝင်မိသားစုတွေကတော့ နိုင်ငံရေးရဲ့အထက်မှာ ရှိတယ်လို့ သတ်မှတ်ထားတာကြောင့် သူတို့က နိုင်ငံရေးပါတီနယ်ပယ်မှာ လုပ်ဆောင်လို့ မရပါဘူး။ စည်းရုံးခွင့်၊ ကမ်ပိန်း၊ သတင်းမီဒီယာလွတ်လပ်မှု၊ ရွေး/ကော်ရဲ့ သမာသမတ်ကျ ဘက်မလိုက်မှုတွေအပေါ် အများကြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ထိုင်းရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ကွန်ရက် (The Peoples’ Network for Elections in Thailand) (P-NET) အဖွဲ့ ပြောတာကတော့ ထိုင်းမြောက်၊ အရှေ့မြောက်နဲ့ အလယ်ပိုင်းမှာ မဲဝယ်မှုကိစ္စတွေ အများအပြား ရှိခဲ့တယ်။ ရွေး/ကော်က မမြင်ချင်ယောင် ဆောင်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်ရွေးချယ်ခြင်း အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၅၀၀ ကို ရွေးချယ်တင်မြှောက်ရမှာပါ။ (ဆီးနိတ်ရဲ့ အရေအတွက် ၂ ဆ ဖြစ်ပါတယ်)။ ဝန်ကြီးချုပ်အဖြစ် မဲပေးရာမှာ ဆီးနိတ် + အောက်လွှတ်တော်ပေါင်း ကိုယ်စားလှယ် ၇၅၀ က မဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီတခုက အပြတ်အသတ်နိုင်မှသာ ဝန်ကြီးချုပ်ဖြစ်နိုင်ပါတယ်။ အောက်လွှတ်တော်မှာ ကိုယ်စားလှယ် အနည်းဆုံး ၂၅၁ ဦး (၅၀၀ ရဲ့တဝက်) နိုင်တဲ့ပါတီက ဦးဆောင်အစိုးရဖွဲ့နိုင်ဖို့ ရှိပါတယ်။ ရွေးချယ်တင်မြှောက်ခံရသူ အမတ် (non-elected) မဟုတ်ရင်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုထားနိုင်ပါတယ်။ ဒါပေမယ့် ဆီးနိတ်အဖွဲ့ဝင် ၂၅၀ ဦးကလည်း မဲပေးရမယ်ဆိုတော့ကာ စစ်အစိုးရကို လိုလားတဲ့ နိုင်ငံရေးပါတီကျတော့ အောက်လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂၆ ဦးပဲ နိုင်ဦး အထက်လွှတ်တော်က ခန့်အပ်ထားတဲ့ ဆီးနိတ်မဲများနဲ့ ဝန်ကြီးချုပ် ရနိုင်ပါသေးတယ်။ ကျန် စစ်အစိုးရ နောက်ခံမဟုတ်တဲ့ ပါတီများကျတော့ မဲ ၃၇၆ ဦး (၇၅၀ ရဲ့ တဝက်ကျော်) နိုင်ထားဖို့ လိုပါသေးတယ်။ အခု ရွေးကောက်ပွဲမှာတော့ စစ်အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ဖလန် ပရာချာရသ်ပါတီက မဲ ၈.၄ သန်းရပြီး အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နောက်ခံရှိတယ်လို့ ယူဆရတဲ့ ဖွေထိုင်းပါတီက မဲ ၇.၉ သန်း ရပါတယ်။ တိုက်ရိုက်ရွေးချယ်မှု ကိုယ်စားလှယ် အားဖြင့်တော့ (အခုလက်ရှိစာရင်းတွေအရ) ဖွေ့ထိုင်းက ၁၃၇ ဦးနဲ့ ဦးဆောင်နေပြီး ပရာချာရသ်က ၁၁၈ နဲ့ ကိုယ်စားလှယ် နည်းနေပါတယ်။ ဒီကြားထဲမှာပဲ သက်ဆင်ထောက်ခံသူ ရာ့စာချတ်ပါတီကို ဘုရင့်မင်းသမီး ဥဘွန် ရတ္ထနာကို ဝန်ကြီးချုပ်လောင်း အမည်တင်သွင်းမှုနဲ့ ဖျက်သိမ်းခဲ့ပါတယ်။ လူငယ်တွေဦးဆောင်တဲ့ အနာဂတ်သစ်ပါတီ (Future forward) ပါတီက အောင်မြင်မှု မြင့်မြင့်မားမားရပြီး ကိုယ်စားလှယ် ၈၇ ဦးအထိ ရထားပါတယ်။ ဝါရင့်နိုင်ငံရေးပါတီ ဒီမိုကရက်တစ်ပါတီကတော့ ကိုယ်စားလှယ် ၅၀ ကျော်နဲ့ စတုတ္ထနေရာမှာပဲ ရှိခဲ့ပါတယ်။ ဘယ်သူ ဝန်ကြီးချုပ်ဖြစ်လာမလဲ။ ဖွေထိုင်းပါတီက ဒီမိုကရက်တစ် တပ်ပေါင်းစု (democratic front) ဖွဲ့တယ်လို့ ကြေညာပြီး အခြားအနိုင်ရပါတီ ၆ ခုကို စုစည်းခဲ့ပါတယ်။ ဒီအခါ မဲ ၂၅၃ မဲ ရနေပြီဖြစ်လို့ အစိုးရဖွဲ့နိုင်ပါပြီ။ စစ်အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ဖလန်ပရာချာရသ်ပါတီက အကယ်၍ ဒီမိုကရက်တစ်ပါတီ၊ ကျန် ၃ ပါတီနဲ့ ပေါင်းခဲ့ရင်တောင် မဲ ၁၈၁ ပဲ ရှိပါသေးတယ်။ မဆုံးဖြတ်ရသေးတဲ့ ဖုံဂျိုင်ထိုင်းပါတီ၊ ချတ်ထိုင်းဖတ္တနာပါတီတို့နဲ့ ပူးပေါင်းမယ်ဆိုရင်တောင် မဲ ၂၄၇ ပဲ ရှိပါဦးမယ်။ မဲအများစု မရသေးပါဘူး။ နည်းနည်းတော့ ရှုပ်ထွေးနေပါဦးမယ်။ ရွေးကောက်ပွဲ နောက်ပိုင်းအဖြစ်တွေကို နောက်မှ ရေးပါမယ်။ အောင်သူငြိမ်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up