မြန်မာနှင့် တောင်ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုး
ပီတာအောင်
·
October 9, 2012
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီနေ့ ဆိုးလ်မြို့မှာတွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီချက်တွေထဲမှာ မြန်မာကို တောင်ကိုရီးယားနိုင်ငံက အကူအညီတွေပေးဖို့ စွမ်းအင်နဲ့ အရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အဦနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ပါဝင်တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။
သဘောတူညီချက်ထဲမှာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့တွေလည်း ပါဝင်ပါတယ်။
တောင်ကိုရီးယား ကုမ္ပဏီတွေဟာ ရန်ကုန် သာကေတမြို့နယ်ထဲမှာ ကီလိုဝပ် ၅ သိန်းထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတခု ၂၀၁၅ မှာ တည်ဆောက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက သဘောတူလက်မှတ် ရေးထိုးထားတာပါ။
မြန်မာပြည်ဟာ ဈေးကွက် စီးပွားရေး စနစ်ပေါ်ပေါက်အောင် နိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းနဲ့ ချိတ်ဆက် ပုံဖော်ကြိုးပမ်းနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုတွေကို ပံ့ပိုး ကူညီနိုင်ဖို့အတွက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာ အကူအညီတွေ လိုအပ်နေချိန်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်သွားတဲ့ Myanmar Investment Forum မှာ အခုလို ပြောကြားသွားတာဖြစ်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ရေးသား ထားပါတယ်။
ဒါ့အပြင် အခြေခံ လူတန်းစား အလုပ်သမားအများစုအတွက် လိုအပ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မြန်မြန်ဆန်ဆန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ အဓိက လိုအပ်နေကြောင်းလည်း ပြောဆိုသွားပါတယ်။
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံကို အောက်တိုဘာ ၈ ရက်ကတည်းက ၃ ရက်ကြာ ခရီးစဉ်အဖြစ် အလည်အပတ် ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်ကို မနက်ဖြန် အောက်တိုဘာ ၁၀ ရက်နေ့မှာ အဆုံးသတ်ပြီး မြန်မာပြည်ကို ပြန်လာမှာ ဖြစ်ပါတယ်။