မိတ္ထီလာတွင် ကတ္တားကို လက်ပစ်ဗုံးဖြင့် ထုရာမှ ဗုံးပေါက်ကွဲ၊ မောင်နှမ ၂ ဦးသေဆုံး
DVB
·
March 8, 2019

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီးပင်ကုန်အုပ်စု အင်ပင်ဝရွာမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲတာကြောင့် ၇ တန်းကျောင်းသားနဲ့ အမဖြစ်သူတို့ ၂ ဦး သေဆုံးသွားတယ်လို့ ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိတဦးက "ဗုံးပေါက်ကွဲလို့ ၇ တန်းကျောင်းသား ၁ ဦးနဲ့ သူ့အမတို့ သေဆုံးသွားတယ်။ လူကြီးတွေ သွားစစ်ဆေးနေကြတယ်။ အင်ပင်ဝရွာက မြို့နဲ့ အလှမ်းဝေးတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
သီးပင်ကုန်းရွာ အမှတ် ၅၄ အလယ်တန်းကျောင်း တက်နေသည့် အင်ပင်ဝရွာနေ ၇ တန်းကျောင်းသား မောင်ချစ်သဲစိုး (၁၂နှစ်) ဟာ ကတ္တားနဲ့ ဗုံး ထုရိုက်ရာက ဗုံးပေါက်ကွဲပြီး အမဖြစ်သူ မရီမာခိုင် (၂၁နှစ်) အပါအ၀င် ၂ ဦးလုံး သေဆုံးခဲ့ပါတယ်။
အဲဒီလက်သီးဆုပ်လောက်ရှိတဲ့ ၉၁ လက်ပစ်ဗုံးအသေးကို မတ် ၇ ရက်နေ့က မောင်ချစ်သဲစိုး ဆိတ်ကျောင်းသွားရင် လယ်ကွင်းထဲက တွေ့ပြီး ကောက်ယူလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲတာကြောင့် မရီမာခိုင်မှာ နဖူး၊ ရင်ဘတ် မျက်နှာတခုလုံး စုတ်ပြဲဒဏ်ရာတွေနဲ့ မောင်ချစ်သဲစိုးက ယာလက်ကောက်ဝတ်ပြတ်ပြီး မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။
အင်ပင်ဝရွာနေဒေါ်ဖြူမက "မနက်က ကားဘီးကွဲသလောက် အသံကြီးမြည်လာတယ်။ ဗုံးကွဲတယ်လို့ နောက်မှ သိရတယ်။ မောင်နှမ ၂ ယောက်လုံး သေဆုံးသွားတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။
မောင်ချစ်သဲစိုးနဲ့ မရီမာခိုင်တို့ သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ရှမ်းမငယ်ရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း