Home
မြန်မာသတင်း
မြိတ်တွင် တက္ကသိုလ်ကျောင်းတွင်း သင်္ကြန်ပွဲ ဒုတိယအကြိမ် ကျင်းပ
DVB
·
March 2, 2019
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ တက္ကသိုလ်ကျောင်းတွင်း သင်္ကြန်ပွဲကို မတ်လ ၂ ရက်နေ့က တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဒုတိယအကြိမ် ကျင်းပခဲ့ပါတယ်။ သင်္ကြန်ပွဲကို ကျင်းပရာမှာ မေဂျာ ၁၃ ခုမှ ကျောင်းသား/သူတွေနဲ့ အဝေးသင်ကျောင်း/သူ ၃၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရပါတယ်။ ""ကျောင်းသား/သူတွေ မေဂျာမတူပေမယ့် တဦးနဲ့တဦး ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးညီညွတ်မှုရှိအောင် ကျင်းပတာပါ။ အဖွဲ့အစည်းတခု မေဂျာတခုကနေ ကျင်းပတဲ့ပွဲမှာပါဘူး။ ရှေ့နှစ်ကဆိုရင် အဝေးသင်တွေမပါဘူး။ ဒီနှစ်တော့ အဝေးသင်ကျောင်းသား/သူတွေကိုလည်း ဝင်ခွင့်ပေးထားတော့ ရှေ့နှစ်ကထက်ပိုပြီး စည်တယ်" လို့ မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုချမ်းမြေ့နိုင်က ပြောပါတယ်။ "ခုလိုသင်္ကြန်ပွဲ ကျင်းပပေးတာ အရမ်းကောင်းပါတယ်။ တခြားမေဂျာက မရင်းနှီးတဲ့သူတွေနဲ့ တစုတစည်းတည်း ရေကစားရတော့ အရင်ကထက်ရင်းနှီးမှုတွေရလာတယ်။ ပျော်စရာလည်းကောင်းပါတယ်" လို့ အင်္ဂလိပ်စာ တတိယနှစ်ကျောင်းသူ မစန္ဒာချောက ပြောပါတယ်။ အဆိုပါကျောင်းတွင်းသင်္ကြန်ပွဲတော်မှာ မေဂျာအသီးသီးမှ ကျောင်းသူလေးတွေက ယိမ်းအကတွေ၊ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စတုဒီသာကျွေးမွေးပွဲလည်း ပြုလုပ်ခဲ့ပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024