Home
မြန်မာသတင်း
ကျောက်မဲမြို့လယ်တွင် ကေတီဗွီဆိုင်ရှင် အငြိမ်းစားဗိုလ်ကြီး သေနတ်ပစ်သတ်ခံရ
နန်းမြနဒီ
·
February 28, 2019
52837012_1240682352754324_350915655765065728_n
52837012_1240682352754324_350915655765065728_n
52779877_1240682379420988_5177679029192359936_n
52777710_1240682366087656_7557030476691537920_n
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ပေါ်မှာ မနေ့ညက ကေတီဗွီ ဆိုင်ရှင် အငြိမ်းစားဗိုလ်ကြီးတဦး သေနတ်ပစ်ခံရလို့ သေဆုံးသွားပါတယ်။ ကေတီဗွီဆိုင်၊ ကုန်စုံဆိုင်တွေ ဖွင့်ထားတဲ့ တပ်မတော်အငြိမ်းစား ဗိုလ်ကြီး ရန်လင်းအောင် ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီကျော်က ကျောက်မဲမြို့လယ်ခေါင် အောင်ဆန်း လမ်းမကြီးပေါ်မှာ တပည့်တဦးနဲ့ ဆိုင်ကယ်အတူစီးလာစဉ် အနောက်ကလိုက်လာတဲ့ ဆိုင်ကယ်တစီးက အနီးကပ်ပစ်ခတ်သွားတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ည ၇ နာရီ ၂၀ ၀န်းကျင် သူတို့က ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်တယ် လို့ ပြောတယ်။  ၀ယ်ပြီးတော့ အပြန်မှာ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်တစီးက ကျော်တက်ပြီး အနီးကပ်ပစ်သွားတာ ရင်ဘတ်ကို မှန်သွားတယ်။ တချက်တည်းပဲ အဲဒီမှာ ပွဲချင်းပြီး ဆုံးသွားတယ်။ သူ့တပည့်ကတော့ ဘာမှမဖြစ်ဘူး။ လိုအပ်တဲ့ အကူအညီပေးဖို့ ရဲကို ဖုန်း ဆက်တော့ သူတို့က သေဆုံးသူကို  ကျောက်မဲဆေးရုံကြီး ပို့ဆောင်ပေး လိုက်ပြီ လို့ပြောတယ်။” ဦးရန်လင်းအောင်မှာ အသက် ၄၃ နှစ်ရွယ်ရှိပြီး ကုန်စုံဆိုင်နဲ့ အရောင်းအ၀ယ်လုပ်ငန်း အပြင် ရပ်ကွက် ၃ ထဲမှာ နန်းဟော်ကေတီဗွီ ကာရာအိုကေဆိုင်ကိုလည်း ဖွင့်လှစ်ထားကြောင်း၊ ဘာကြောင့် ခုလို အပစ်ခံရလဲဆိုတာ မသိပေမယ့်လည်း ခုချိန်ဟာ သီးနှံပေါ်ပြီး တောင်သူတွေ သီးနှံရောင်းချချိန် ဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ဆက်ကြေးကောက်ခံတဲ့ ရာသီလည်း ဖြစ်ကြောင်း၊ ဒီမတိုင်ခင်က ကျောက်မဲရှိ ကေတီဗွီဆိုင်တွေ၊ ဈေးဆိုင်တွေလည်း ဆက်ကြေးပေးဖို့ စာပို့ထားတာခံရပြီး သူ့ဆိုင်က ဆက်ကြေးပေးဖို့ ပျက်ကွက်တာကြောင့် အပစ်ခံရတာ ဖြစ်နိုင်တယ်လို့ ကျောက်မဲဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဓာတ်ပုံ - သန့်ဇင်လှိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024