မုံရွာပြည်သူ့အားကစားကွင်းတွင်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနား
DVB
·
February 12, 2019
ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကာ မုံရွာမြို့ ပြည်သူ့အားကစားကွင်းမှာ ကျင်းပပါတယ်။
ဒီအခမ်းအနားမှာ ဌာနဆိုင်ရာတွေ၊ ဖိတ်ကြားထားသူတွေက စစ်ကြောင်း ၄ ကြောင်းနဲ့ ချီတက်ကာ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုအလံကို ချီတက်အလေးပြုခဲ့ကြပြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
အဲဒီနောက် မီနီမာရသွန်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ဆုရရှိခဲ့သူတွေကို ဆုချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာတွေက ဖွင့်လှစ်ထားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
ပြည်ထောင်စုနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။