Homeမြန်မာသတင်း
ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုရိုက်ကူး ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် အမျိုးသားကို အမှုဖွင့်
ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုရိုက်ကူး ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် အမျိုးသားကို အမှုဖွင့်
DVB
·
February 10, 2019
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုမှတ်တမ်း ရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ်ပေါ်တဲ့ အမျိုးသားတယောက်ကို ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နေသူ ဇော်ဝင်းနိုင် ဆိုသူဟာ Ko Zaw Win Naing အကောင့်အမည်နဲ့ လူမှုကွန်ရက်ပေါ် စစ်တွေမှ မြောက်ဦးဘက်ကို ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး တင်ခဲ့တာလို့ ဆိုပါတယ်။
"စစ်တွေဘက်မှ ရဲကားအစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလိုဖော်ပြတာဟာ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံရေးကျိုးပေါက်စေဖို့ အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့)မတရားအသင်းအဖွဲ့အစည်းတခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်း စစ်ဆေးတွေ့ရှိရလို့ ဇော်ဝင်းနိုင် (ဖမ်းမိ)အား ပုဏ္ဏားကျွန်းမြို့မရဲစခန်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။