မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်း၌ ဆီသယ်ရေယာဉ် မီးလောင်၊ လူ ၂ ဦးဒဏ်ရာရ
Aung Ko Latt
·
February 6, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ် အုန်းပင်ဆိပ်မှာ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီဝန်းကျင်က ဆီသယ်မော်တော်ရေယာဉ်တစီး မီးလောင်ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မုံရွာ-ဟုမ္မလင်းပြေးဆွဲတဲ့ ရွှေမြင့်မိုရ်မော်တော်ဟာ ရေယာဉ်နောက်ခန်းရှိ ဆီပေပါတွေကို ဆီဖြည့်နေတုန်း ဆီအငွေ့နဲ့ အနောက်မီးဖိုခန်းရှိ မီးနဲ့တွေ့ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် ဒီဇယ်ဆီပေပါ အလုံး ၂၀ လောက် ကာလတန်ဖိုး ကျပ်သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ကာ လူ ၂ ဦး မီးဟပ်လို့ အပူလောင်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ရ ပါတယ်။
မီးလောင်မှုကို မီးသတ်ကား ၈စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ ၁၀၀ ကျော်က အချိန် ၁၀ မိနစ်လောက်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး ရေယာဉ်တာဝန်ရှိသူကို မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူ ဖို့ လုပ်ဆောင်နေပါတယ်။