ပေါက်ခေါင်းမြို့ တောင်န၀င်းဆည်အခြေအနေ မစိုးရိမ်ရဟု တာဝန်ရှိသူများပြော
ပိုင်စိုး
·
February 3, 2019

တာဘောင်နိမ့်ကျလာတယ်ဆိုတဲ့ ပြည်ခရိုင် ပေါက်ခေါင်းမြို့က တောင်နဝင်းဆည်ကို တာဝန်ရှိသူတွေ စစ်ဆေးပြီး ကျိုးပေါက်ဖို့ မစိုးရိမ်ရဘူးလို့ ပြောခဲ့ပါတယ်။
ဆည်မြောင်းဦးစီးဌာနက ဒု ညွှန်ချုပ်နဲ့ ဘူမိဗေဒပညာရှင်တွေ လာရောက် စစ်ဆေးပြီး အခြေအနေတွေကို ဇန်နဝါရီ ၂ ရက်က လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က “သူတို့က မြေကို ဖိပြီး စမ်းသပ်တယ်။ တပေခွဲနိမ့်ကျဖို့အတွက် အပေါ်က ဝိတ်တုံးနဲ့ ၁၅ ချက် ရိုက်ရတယ်။ ခုက အဲလို မရှိဘူး၊ မြေသားကောင်းတယ်တဲ့။ နိမ့်တဲ့မြေတွေကိုတော့ ဆက်စစ်ဆေးဖို့ ယူသွားပါတယ်။ ဘူမိဗေဒက ဒေါက်တာ ပွင့်သွယ်ဝင်းကလည်း ဆည်ဆောက်တုန်းကပဲ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ခဲ့သလို အောက်ခြေက သက်ရင့်မြေနဲ့ ကျောက်တွေ ဖြစ်တယ်လို့ ပြောပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ငလျင် ၄ ကြိမ် လှုပ်ခဲ့တာကြောင့် အပေါ်မှာ အက်ကြောင်းလာထင်တာ ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
“တမံကို ဒေါင့်ဖြတ် ကွဲတယ်ဆိုရင်တော့ စိုးရိမ်ရတယ်ပေါ့။ ခုက တမံနဲ့ မျဉ်းပြိုင်ကွဲတာ ကတော့ စိုးရိမ်စရာမရှိဘူး။ ဆည်တိုင်းမှာ ဒီလို အက်ရာကတော့ ရှိတယ်လို့လည်း ပြောတယ်။ ငလျင်ကြောတွေက ဒီဆည်ကို ဖြတ်သွားတာကိုး” လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာတော့ ဆည်ကျိုးမှာစိုးလို့ တိမ်းရှောင်နေသူတချို့ ပြန်လာနေကြပြီလို့လည်း ဦးသက်မင်းဇော်က ပြောပါတယ်။
“ရွာလုံးကျွတ်ပြေးတာတော့ မဟုတ်ဘူးပေါ့။ ဆည်အောက်ဘက်တမိုင်လောက်မှာတော့ တရွာရှိတယ်။ နောက်ထပ်တမိုင်လောက်ဆိုရင် ပေါက်ခေါင်းမြို့ပေါ့။ အခုတော့ ရှောင်သွားသူတွေ ထဲက တချို့ ပြန်လာကြပြီ” လို့ ပြောပါတယ်။
ဒီဆည်ကို ၁၉၈၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။