ရခိုင်ငါးပိစစ်စစ်တွေ ထုတ်လုပ်နိုင်ဖို့ အခက်တွေ့နေတဲ့ အောင်ဗလ ကျေးရွာလေး
DVB
·
February 2, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး မြစ်ကမ်းနားဘေးရှိ အောင်ဗလကျေးရွာလေးဟာ ရခိုင်ငပိစစ်စစ်တွေ ထုတ်လုပ်ပြီး မြန်မာပြည်အနှံ့ တင်ပို့ရောင်းချနေတဲ့ တံငါရွာလေး တရွာအဖြစ် လူသိများပါတယ်။
၂၀၁၆ ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ရွာမှာရှိတဲ့ တံငါသည်တွေဟာ မြစ်ပြင်ကို ငါးပုဇွန်ရှာသွားရောက်တာကို အာဏာပိုင်တွေက တားမြစ်ကန့်သတ်လိုက်ပါတယ်။
ဒါ့အပြင် နယ်ခြားစောင့်တပ်နဲ့ ရေတပ်တို့ကလည်း ရွာသားတွေကို တပတ်မှာ ၃ ရက်လောက်သာ ငါးပုဇွန်ရှာခွင့်ပြုပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှာသာ မြစ်ပြင်ကို သွားခွင့်ရတာ ဖြစ်ပါတယ်။
လက်ရှိ ငပိထုတ်လုပ်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ့တွေကို အောင်ဗလကျေးရွာနေ တံငါသည် ဦးရွေထွန်းစိန်က "ကျနော်တို့ အခုအခက်အခဲတွေက အဝေးကို ငါးရှာမထွက်ရဘူး။ တောင်ဘက်မှာ မကျည်းချောင်း၊ မြောက်ဘက်မှာ ကညင်ချောင်း အနီး လောက်သာ ငါးရှာခွင့်ပြုထားတယ်။ အဝေးကိုသွားရှာလို့မရတောဘူး။ ငါးရှာရင်လည်း ဟိုဘက်က တခါတခါ ငါးရနိုင်မယ့်အချိန် မိမိစိတ်ကြိုက် မထွက်ရဘူး။ အခြေအနေမကောင်းဆိုရင် လေးငါးရက်လောက် ငါးရှာခွင့်ပိတ်ထားတယ်။ သူတို့ခွင့်ပြုတဲ့ အချိန်မှာ ငါးရမရနိုင်တောဘူး။ ဒီရေ အတက်နဲ့မှ ငပိလုပ်နိုင်တဲ့ မျှင်ပုဇွန် က ရရှိတာပါ။ ဒီရေတက်ချိန်မှာ ရှာခွင့်မရ ဒီရေကျချိန်မှာ ခွင့်ပြုတော့ ဘယ်လို ရှာရတောမလဲ” လို့ ပြောပါတယ်။
ကုန်ကြမ်းမရလို့ ငါးပိများများမထုတ်လုပ်နိုင် ငါးပိများများဝယ်မရတော့လို့ အရင်ကလို ကျောက်ဖြူနဲ့ ရန်ကုန်ကနေ ငါးပိအဝယ်ဒိုင်တွေကလည်း မလာကြတော့ဘူးလို့ ဆိုပါတယ်။
“တံငါသည်တွေဟာ အရင်က ငါးပိတစ်ပိဿာ ကျပ် ၅၀၀၀ လောက်ရခဲ့ပေမယ့် အခု ကျပ် ၃၀၀၀ လောက်နဲ့ မောင်တောမြို့ကို ပတ်ပြီးရောင်းနေရတယ်။ အရက်က အဝယ်ဒိုင်တွေက ပိဿာ၁၀၀ဆိုလည်း ၀ယ်တယ်။ ၂၀၀ ဆိုလည်းဝယ် ယူသွားတယ်။ အခုက သူတို့ကလည်း ငပိအများကြီးမရတဲ့အတွက် မလာကြတော့ အခက်တွေ့နေရတယ်”လို့ ရွာသား တယောက်က ပြောပါတယ်။
အကြမ်းဖက်မှုတွေ မဖြစ်ခင် ၂၀၁၄-၁၅ ခုနှစ်တွေတုန်းကတော့ ငါးပိအ၀ယ်ဒိုင် တဒိုင်ကို ရခိုင်ငါးပိ ပိဿာချိန် ၁၀၀၀၊ အ၀ယ်ဒိုင် ၄ ဒိုင်အတွက်ငါးပိ ပိဿချိန် ၄၀၀၀ လောက်အထိ ထုတ်လုပ်ရောင်းချ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ငါးပိထုတ်လုပ်ရောင်းချတဲ့ မဖြူမက" အခုအခြေအနေက ရှာဖွေလို့မရပါ။ တပတ်မှာ ၃ ရက်သာသွားရတယ်။ ၄ ရက်က ပိတ်ထားတယ်။ မျှင်ရနိုင်မယ့် ညအချိန်တွေမှာ ရှာခွင့်မရ မနက် ၇ နာရီမှ သွားရတယ်။ ၄ နာရီမှာ ပြန်လာရတယ် ချောင်း/ မြစ်ထဲကို မဆင်းရဘူး။ နယ်ခြားစောင့်က ပိတ်ထားတယ်။ ရေတပ်က တားဆီးတယ်။ ဒါကြောင့် ငါးပိများစွာ မထုတ်လုပ်နိုင်တော့ဘူး ရတာကနည်းသွားတယ်။ ၇ ရက် တပတ်မှာမှ တဦး လေးပိဿာ ငါးပိဿာလောက်သာ ရတော့တယ်။ အရင်တုန်းက ဆိုရင် လူတဦး ပိဿာ ၅၀ လောက်အထိ ထုတ်လုပ်နိုင်တယ်"လို့ရှင်းပြပါတယ်။
ရခိုင်ငါးပိဟာ မြန်မာပြည်မှာ လူကြိုက်များပြီး ရခိုင်အခေါ် မျှင် သေးငယ်တဲ့ ပုဇွန်ငယ်လေးတွေ သက်သက်နဲ့ လုပ်ထားတာဖြစ်ပါတယ်။
ရခိုင်ငါးပိစစ်စစ်သာ အောင်ဗလကျေးရွာမှာ ထုတ်လုပ်တာဖြစ်ပြီး ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်ကိုတော့ ရွာသား ဦးရွှေထွန်းစိန်က “ ဒီငါးပိက မျှင်ရှယ်"လို့ခေါ်တယ် ဒီမျှင်ပုဇွန်ကို နေပူလှန်းတယ်။ တခါလှန်းတယ်။ ခြောက်လာယင် ထောင်းရတယ်။ ၂ စပ်ထောင်းရတယ်။ ၂ စပ်ထောင်ပြီးမှသာ ငပိကောင်းဖြစ်တယ်။ ၁ စပ်ထောင်းမယ် ပြန်ပြီလှန်းရမယ် နောက် ၁ ဆပ်ထောင်းရမယ်။ ဒီကငပိက အစစ်ပဲ။ မျှင်ရှယ်"ငပိဖြစ်တယ်။ ငါးတွေရောမပါဘူး။ ရခိုင်ငပိ အစစ်ဖြစ်တယ်။ ကျနော်တို့ အောင်ဗလ ကျေးရွာမှာ ငပိလုပ်စားလာတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ”လို့ ပြောပါတယ်။
အောင်ဗလကျေးရွာလေးဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေစားကျေးရွာအုပ်စုမှာ တည်ရှိတဲ့ တိုင်းရင်းသားရွာလေးတစ်ရွာဖြစ်ကာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ လောက် အေးအေးချမ်းချမ်း နေထိုင် ငါးပိလုပ်ငန်းကို လုပ်ကိုင်အသက်မွေးနေကြတဲ့ ရွာကလေး ဖြစ်ပါတယ်။
ဗညား

