မြန်မာအပါအ၀င် နိုင်ငံခြားသား ၅၀၀ ကျော်ကို ထိုင်းရဲဖမ်းဆီး
DVB
·
January 25, 2019

ထိုင်းနိုင်ငံထဲ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး ဥပဒေနဲ့အညီ နေထိုင်ခြင်းမရှိတဲ့သူတွေကို သ က်ဆိုင်ရာက လိုက်လံစစ်ဆေးရာမှာ နေရာပေါင်း ၂၁၇ နေရာက ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြား သားပေါင်း ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာလှည့်ခရီးသွားဆိုင်ရာရဲတပ်ဖွဲ့၊ ၁၉၁ အရေးပေါ်ရဲတပ်ဖွဲ့၊ လ၀ကနဲ့ နယ်မြေခံ စစ်တပ်တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ ဒီမနက်ပိုင်းက ထိုင်းတနိုင်ငံလုံးရှိ နိုင်ငံခြားသားတွေ ၀င်ရောက်နေထိုင်လေ့ရှိရာ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လည်ပတ်စရာနေရာ၊ နိုင်ငံခြားဘာသာသင်ကျောင်းနဲ့ နိုင်ငံတကာစာသင်ကျောင်းအစရှိတဲ့ နေရာပေါင်း ၂၁၇ နေရာကို ၀င်ရောက်စစ်ဆေးရာ ဖမ်းဆီးမိခဲ့တာပါ။
စစ်ဆေးရာမှာ ဗီဇာရက်ကျော်လွန်နေထိုင်သူတွေ၊ တရားမ၀င် ၀င်ရောက်နေထိုင်သူနဲ့ ထိုင်းအလုပ်သမားဥပဒေနဲ့ ငြိစွန်းသူ စုစုပေါင်း ၅၀၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ရဲမှူးကြီး အိတ်သိဖုန်းအစ်သီ ဆန်ချိုင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူတွေထဲမှာ အီရန်၊ လာအို၊ ရုရှား၊ အမေရိက၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယားတို့ အနည်းငယ်စီပါဝင်ပြီး အများဆုံးက မြန်မာနိုင်ငံသား ၁၂၄ ဦးနဲ့ ကမ္ဘောဒီးယား ၁၁၈ ဦးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားတွေကို ခိုလှုံခွင့်ပေးမှု၊ အလုပ်ငှားရမ်းခန့်ထားမှု တွေနဲ့ ထိုင်းလူမျိုး ၁၂၁ ဦးကိုလည်း အရေးယူခဲ့တယ်လို့ ရဲမှူကြီး အိတ်သိဖုန်းက ပြောပါတယ်။