အုတ်ကျင်း ဂုန်နီစက်ရုံ အလုပ်သမား ၃၀၀ ကျော် ဆန္ဒပြ
အာကာ
·
January 14, 2019
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဂုန်နီစက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်းခွင်တည်မြဲရေးအတွက် ဒီကနေ့မနက်က စီတန်းလှည့်လည်ဆန္ဒပြကြပါတယ်။
အင်အား ၃၀၀ ကျော်ပါဝင်တဲ့ အလုပ်သမားတွေဟာ စက်ရုံရှေ့ကနေ ဘုရင့်နောင်လမ်း အတိုင်း ဗဟိုလမ်းတလျှောက် ချီတက်လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်တာဖြစ်ပြီး လုပ်ငန်းခွင်တည်မြဲရေး၊ အလုပ်သမား ဥပဒေတွေ အားကောင်းရေး စတာတွေကို ကြွေးကြော်ခဲ့ပါတယ်။
အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းမြင့်က “ကျနော်တို့ အလုပ်သမား ၃၁၄ ဦးကို ဇန်နဝါရီ ၉ ရက်နေ့က လျှော်ကြေးပေးမယ်ဆိုပြီး အလုပ်ထုတ်တယ်။ ကျနော်တို့ လိုချင်တာ လုပ်ငန်းခွင်တည်မြဲရေးပဲ။ နိုင်ငံဝန်ထမ်းတွေကို သူတို့ လွှဲပြောင်းလက်ခံထားတာ။ အာမခံချက် ပေးဖို့ လိုတယ်။ လုပ်ငန်းရှုံးနေတယ်ဆိုတာလည်း မဟုတ်ဘူး။ ကျနော်တို့ လက်မခံနိုင်ဘူး”လို့ ပြောပါတယ်။
ဂုန်နီအိတ်စက်ရုံကို ကျော်ထက်ကျော်ကုမ္ပဏီက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနဆီကနေ ၂၀၁၂ ခုနှစ်က လွှဲပြောင်းလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ဒီဇင်ဘာလ ၂၆ ရက်မှာတော့ စီးပွားရေးတွက်ခြေမကိုက် အရှူံးပေါ်နေလို့ ကုမ္ပဏီက စက်ရုံပိတ်သိမ်းပြီး အလုပ်သမားတွေကို ၆ လစာ လျှော်ကြေး ပေးမယ်လို့ ကြေညာခဲ့ပါတယ်။