တရုတ်ဘက် ဖရဲ၊ သခွားတင်ပို့နေသည့် ကျင်စန်းကျော့ဂိတ် ယနေ့ ပြန်ဖွင့်
DVB
·
January 10, 2019

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကျင်းစန်းကျော့ဂိတ်ကို အစိုးရက ဒီကနေ့ မနက်ပိုင်း ၉ နာရီကစ ပြန်ဖွင့်ပေးလိုက်ပါတယ်။
တရုတ်-မြန်မာ နှစ်ဘက်အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီး ပြန်ဖွင့်ပေးလိုက်တာဖြစ်ပြီး လက်ရှိမှာ ဖရဲသခွား အရောင်းအ၀ယ်တွေ ပြန်လုပ်နေပြီလို့ နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။
မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက “လက်ရှိမှာ ရက်အကန့်အသတ်မရှိ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပြီးတော့ တခြားအချက်အလက်တွေကို လတ်တလော မသိရသေးဘူး” လို့ ပြောပါတယ်။
ဂိတ်ပိတ်ချိန်ကိုလည်း ညနေ ၄ နာရီကနေ ၆ နာရီအထိ တိုးပေးထားတဲ့အပြင် ဂိတ်မှာ မော်တော်ယာဉ်ဝင်တဲ့ လိုင်း ၂ လိုင်းကနေ ၅ လိုင်းအထိ ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။
မူဆယ်နယ်စပ် ဖရဲသီးနဲ့ သခွားမွှေးတွေ တရုတ်ဘက်ကို အဓိကတင်ပို့နေတဲ့ ကျင်စန်းကျော့ဂိတ်ကို တပ်မတော်က ဒီဇင်ဘာ ၂၆ ရက် ညကတည်းက ပိတ်ထားတာကြောင့် ၀မ်တိန်ဘက်ကို ဖရဲသီးနဲ့ သခွားမွေးတွေ တင်ပို့ဖို့ ရက်ကြာကြာ စောင့်ဆိုင်းနေရတဲ့အတွက် ပျက်စီးတာတွေ ရှိပါတယ်။
မြန်မာပြည်က ဖရဲသီးနဲ့ သခွားမွှေးတွေကို တရုတ်ပြည် ၀မ်တိန်ဘက်က ကုန်သည်တွေက အဓိက၀ယ်ယူနေတာဖြစ်ပြီး တရက်ကို ကားအစီး ၅၀၀ ကနေ ၇၀၀ အထိ ၃ နှစ်ဆက်တိုက် တင်ပို့နိုင်ခဲ့ပါတယ်။
အခုနှစ် သီးနှံရာသီပေါ်ချိန်မှာတော့ ဒေသခံအာဏာပိုင်တွေက ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားတဲ့အတွက် နိုင်ငံအနှံ့က ဖရဲသခွားစိုက်တောင်သူတွေလည်း ဆုံးရှုံးမှုများစွာဖြစ်ခဲ့ပါတယ်။