ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း လောကသာရဆုရရှိ
Aung Aung Naing
·
January 1, 2019
လောကအကျိုးသယ်ပိုးဆောင်ရွက် ငြိမ်းချမ်းရေးကြိုးပမ်းသူတွေကို ရွေးချယ်ပေးအပ်တဲ့ လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံငြိမ်းချမ်းရေးအတွက်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ကိုသက်ဆွေဝင်းက ၂၀၁၈ခုနှစ်အတွက် ရရှိပါတယ်။
လောကသာရဆုကို လောကသာရဖောင်ဒေးရှင်းကနေ ပေးအပ်တာဖြစ်ပြီး အခုလို ဆုပေးအပ်တဲ့ (၄) ကြိမ်မြောက်အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ပြင်ဦးလွင်မြို့နယ် အာရှအလင်းရောင်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
လောကသာရဖောင်ဒရေးရှင်ရဲ့ ဆုပေးပွဲဖြစ် မြောက်ရေးတာဝန်ခံ ဦးဇော်သန်းက “ကိုသက်ဆွေဝင်းက ကျွန်ုပ်တို့ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခများမဖြစ်စေရ ဆိုတဲ့ ကမ်ပိန်းတွေ၊ ပန်းစကားဆိုတဲ့ ကမ်ပိန်းတွေကို ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ နောက်ပြီး အစဉ်တစိုက်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးကို ခုချိန်ထိ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်”လို့ ပြောပါတယ်။
လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေ ခဲ့ကြတဲ့ ဆရာတော် ဦးဝိသုတ္တက ပထမဆုံးအကြိမ်ရရှိကာ အဆိုတော် စောဖိုးခွားက ဒုတိယ အကြိမ်ရရှိပြီး ပန်းရဲ့လမ်းအဖွဲ့ ဦးဆောင်သူ ဦးရဲလွင်က တတိယရရှိကာ စတုတ္ထမြောက် အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကိုသက်ဆွေဝင်းက ရရှိခဲ့ပါတယ်။
အခမ်းအနားကို အာရှအလင်းရောင်ဆရာတော်ကဦးဆောင်ပြီး နာယက ဆရာတော်ဖြစ်တဲ့ မြဝတီဆရာတော်၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ မြန်မာပြည်အနှံ့က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံတို့ တက်ရောက်ခဲ့ကြပါတယ်။
လောကပါလဖောင်ဒရေးရှင်းကို ၂၀၁၃ ခုနှစ်က အဖွဲ့ဝင်အင်အား ၃၀ ကျော်နဲ့ စတင်ဖွဲ့စည်း ခဲ့ပါတယ်။