မြေနုကျွန်းပြဿနာ အမြန်ဆုံးဖြေရှင်းပေးရန် တောင်သာမြို့တွင်ဆန္ဒပြ
Aung Aung Naing
·
December 24, 2018

ဧရာဝတီမြစ်အတွင်းက မြေနုကျွန်း ခွဲဝေမှုပြဿနာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အမြန်ဆုံးဖြေရှင်းပေးဖို့ ဒီကနေ့မနက် မန္တလေးတိုင်း၊ တောင်သာမြို့်မှာ ဒေသခံတောင်သူ ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
တောင်သာမြို့နယ် ဖက်တောကျေးရွာအနီး ဧရာဝတီမြစ်ထဲက လက်ရှိမြေနုကျွန်းကို တောင်သူတွေကို မဲဖေါက်ပေးထားပေမယ့် ဒီမြေနုကျွန်းပေါ်မှာ ကျူးကျော်စိုက်ပျိုးသူတွေ ရှိနေတာကြောင့် ကြက်သွန်စိုက်ပျိုးချိန်အမှီ ဖြေရှင်းပေးဖို့ တောင်းဆို ကြတာပါ။
ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိသူတွေကို မနစ်နာစေရေး ဒို့အရေး၊ ဥပဒေမဲ့လုပ်ဆောင်နေမှုများ အလိုမရှိ၊ ကြက်သွန်စိုက်ပျိုးချိန်အမီ ပြဿနာဖြေရှင်းပေးရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့ မြို့တွင်းလှည့်လည် ချီတက်လမ်းလျှောက်ဆန္ဒပြကြတာပါ။
ဆန္ဒပြတောင်သူ ဦးကျော်ဌေးက “တောင်သူ တထောင်လောက်ကို သတ်မှတ်စံကွက်တွေနဲ့ ချထားပေးတယ်။ ဒါကို အရင်ကလူတစုက ဗိုလ်ကျစိုးမိုးပြီး လုပ်ကိုင်ခဲ့တဲ့သူတွေရှိနေတော့ သူတို့က ဒီလိုအညီအမျှ ခွဲပေးတာ လက်မခံဘူးဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာကနေ ဖြေရှင်းပေးဖို့ အခုလို တောင်းဆိုရတာ”လို့ ပြောပါတယ်။
မြေနုကျွန်း စိုက်ပျိုးမြေတွေပေါ်မှာ တနှစ်တရာသီစာသာ စိုက်ပျိုးချိန် ရှိတာကြောင့် စိုက်ခွင့်မရသေးတဲ့တောင်သူအများစုအနေနဲ့ ၀င်ငွေမရှိလို့ စားဝတ်နေရေးအခက်အခဲနဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဝေလင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားနိုင်ခြင်းမရှိကြောင်းပြောဆိုခဲ့ပါတယ်။