ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဆရာဝန်အယောင်ဆောင်တဦးကို ဖမ်းဆီး
DVB
·
December 8, 2018
ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဆရာဝန်အယောင်ဆောင်သူတယောက်ကို တွေ့ရှိဖမ်းဆီး ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မနေ့ မနက်ပိုင်းက လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (E) အဆောင်၊ အခပေးအထူးခန်း ၁၉ မှာ ဆေးရုံတက်ရောက်နေတဲ့ ဒေါက်တာသိင်္ဂီဝင်းရဲ့ အခန်းထဲကို ဆရာဝန် အယောင်ဆောင်လာသူ အမျိုးသမီး ၁ ယောက် ရောက်နေတယ်လို့ ဖုန်းဆက် အကြောင်းကြား လာခဲ့တာပါ။
ဒါကြောင့် တာဝန်ကျသူနာပြုတွေက လိုက်လံရှာဖွေရာမှာ အထူးခန်း ၂၂ မှာ တွေ့ရပြီး သူနာပြုအုပ်ရုံးခန်းကို ခေါ်ဆောင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်မေးရာမှာ သူဟာ လသာမြို့နယ်နေသူ အသက် ၃၅ နှစ်အရွယ် ရှင်နှောင်း ဆိုသူဖြစ်ပြီး သူ့ဆီက ဂျူတီကုတ်အင်္ကျီ ၁ ထည်၊ နားကြပ် ၁ ခု၊ ဒေါက်တာရှင်နှောင်း (ဗဟိုအမျိုးသမီးဆေးရုံကြီး) စာတမ်းပါ ရင်ထိုး ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါကြောင့် သူ့ကို ပြည်သူ့ဝန်ထမ်းဝတ်ဆင်/ကိုင်ဆောင်တဲ့ အဝတ်တန်ဆာတွေကို လိမ် လည်လိုတဲ့ ကြံရွယ်ချက်နဲ့ဝတ်ဆင်မှု ရာဇသတ်ကြီးပုဒ်မ ၁၇၁ နဲ့ လမ်းမတော်မြို့မရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။