မန်စီးတီးက စတားလင်းကို တပတ် ပေါင် ၃ သိန်းဖြင့် ၃ နှစ် သက်တမ်းတိုး

မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား စတားလင်းကို ၃ နှစ်သက်တမ်းတိုး စာအချုပ်ချုပ်ဆိုခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။ စာချုပ်သစ်အရ စတားလင်းဟာ တပတ်ကို ပေါင် ၃ဝဝ,ဝဝဝ ရရှိမှာဖြစ်ပါတယ်။ စတားလင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟောင်းဟာ လာမယ့်ရာသီ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းက စတားလင်းကို စာချုပ်အသစ် ကမ်းလှမ်းချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီစာချုပ်ကြောင့် သူဟာ လာမယ့် ၂ဝ၂၃  ခုနှစ်အထိ မန်စီးတီးအသင်းမှာ ကစားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် စတားလင်းဟာ စာချုပ်အသစ်မှာရရှိမယ့် တပတ် ပေါင် ၃ဝဝ,ဝဝဝ ဆိုတဲ့ လစာငွေကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး အင်္ဂလိပ်ကစားသမားတွေထဲက တဦး အပါအဝင် ဖြစ်လာတော့မှာပါ။ “စာချုပ်အသစ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် ဝမ်းသာမိပါတယ်၊ ဒီအသင်းနဲ့အတူ ဖြစ်ပေါ်လာတဲ့ ကျနော့်ရဲ့ တိုးတက်မှုတွေက အံ့မခန်းပါပဲ။ ကျနော် ဒီအသင်းကို စရောက်တဲ့ အချိန်ကတည်းက စပြီးတော့ မန်စီးတီးကို ပြောင်းရွှေ့လာတာ ကျနော့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ခံစားရတယ်။” စတာလင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ဒီရာသီမှာ ၇ ဂိုး သွင်းယူပေးထားပါတယ်။ စတားလင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ကလပ်အသင်းအတွက် ၂၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးတော့ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလား ဆွတ်ခူးခဲ့တဲ့ မန်စီးတီးအသင်းအတွက် အဓိကကစားသမားအဖြစ် အသုံးတော်ခံခဲ့သူပဲဖြစ်ပါတယ်။ စတား လင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ၄၆ ပွဲပွဲထွက်ခဲ့သူဖြစ်ပါတယ်။ “စတားလင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေထဲက နံပါတ် ၁ ပါ။ သူ့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တာက အသင်းအတွက် သိသာထင်ရှားတဲ့ အခိုက်အတန့်တခုပါပဲ” လို့ မန်စီးတီးအသင်းရဲ့ ဒါရိုက်တာကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up