ရိုးရာလှေလှော်ပြိုင်ပွဲ မန္တလေးကျုံးရေပြင်တွင် ကျင်းပ
DVB
·
October 27, 2018

မြန်မာ့လှေလှော်အားကစား အဆင့်အတန်းမြင့်မားဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေးမြို့ ကျုံးအနောက်ဘက် ရေပြင်မှာ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့တို့ ပူးပေါင်းကျင်းပတာပါ။
မြန်မာ့လှေလှော်အားကစားအဆင့်အတန်းတိုးတက်မြင့်မာရေး အထောက်အကူဖြစ်စေဖို့၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေဖို့၊ မြန်မာ့လှေလှော်အသင်းအတွက် အရန်အင်အားတွေ ပေါ်ပေါက်လာစေဖို့၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ စုစည်း၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့၊ ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မြဲလာစေဖို့နဲ့ နိုင်ငံတော်အားကစားလှုပ်ရှားမှုတွေမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကျင်းပတာပါ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ''လှေလှော်အားကစားနည်းအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအလယ်မှာ အခြားပြိုင်ပွဲဝင်နိုင်ငံများမှ အားကျဂုဏ်ယူလောက်သည်အထိ အောင်မြင်မှုများရရှိခဲ့သော်လည်း ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အထူးလိုအပ်ပါတယ်၊ အရှေ့တောင်အာရှအဆင့်မှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ပြီး၊ အောင်မြင်မှုတွေရရှိအောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝါသနာရှင်များနဲ့ လှေလှော် အားကစားသမားအားလုံး အစွမ်းကုန်ကြိုးစား ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်'' လို့ ပြောပါတယ်။
တိုင်းဒေသကြီး နဲ့ ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေး ကျုံးရေပြင်မှာ ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်ကနေ ၂၈ ရက်နေ့ထိ နှစ်ရက် ကျင်းပမှာဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေကို ပြိုင်ပွဲအလိုက်နဲ့ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနဲ့ စုပေါင်းဒိုင်းဆုတွေကို ချီးမြှင့်မယ်လို့ သိရပါတယ်။
သော်တာ