စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်

၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။ အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမားတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ စုစုပေါင်း တွဲဆိုင်း ၈ ပွဲပါဝင်ပြီး ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်၊ ပေါ်တူဂီနဲ့ ဗီယက်နမ် ကစားသမားတွေလည်း ပါဝင်ထိုးသတ်ကြမှာပါ။ လိုက်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် စောထူးအောင်က လက်ရှိချန်ပီယံ ကျော်ဇင်လတ်နဲ့ စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေမှာတော့ မြန်မာက ရန်နိုင်ထွန်းနဲ့ ကမ္ဘောဒီးယားက ဆုန်ဟွန်၊ သပြေညိုနဲ့ ဥဇဘက်ကစ္စတန်က ခေါ်မူရိုဒေါ့ဗ်၊ ပေါ်တူဂီက အန်တိုနီယို ဖာရီယာနဲ့ ဗီယက်နမ်က ငုရင်တန်ကွမ်တို့ ပါဝင်ထိုးသတ်မှာပါ။ နောက်ထပ် ပြည်တွင်းတွဲဆိုင်း ၂ ပွဲမှာတော့ ပိုက်ထွေးနဲ့ ဆန်းသူဦး၊ လက်သီးမိုးနဲ့ ယှူကလိန်းမင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို သုဝဏ္ဏအားကစားပြိုင်ပွဲရုံ ၁ မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေအဖြစ် ၅ ထောင်၊ ၁ သောင်းနဲ့ ၅ သောင်းကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ သတင်း - လွှမ်းမိုးအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up