မိုင်းတုံတွင် ဇနီးနှင့် ၁၁ လသားကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
September 1, 2018

မိုင်းတုံမြို့နယ် ပါခတ်ရွာမှာ ခင်ပွန်းဖြစ်သူက ဇနီးနဲ့ ၁၁ လအရွယ် သားငယ်ကိုသတ်ပြီး ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု ပါခတ်ရွာမှာ သြဂုတ် ၃၁ ရက်နေ့ ည ၆ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ကျသိန်းဟာ တောင်ယာကနေ ညနေ ၅ နာရီခွဲလောက် ပြန်လည်ရောက်ရှိလာပြီးနောက် ဇနီးဖြစ်သူ မနာအောတိနဲ့ စကားများစိတ်ဆိုးပြီး ဇနီးနဲ့ ၁၁ လအရွယ် သားငယ်တို့အား ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်က ပြောပါတယ်။
"ကျနော်တို့ သတင်းရရချင်း သွားရောက်တဲ့အချိန်မှာ မိသားစုသုံးယောက်လုံး အိပ်ရာထဲမှာ စောင်ခြုံထားတယ်။ စောင်ကလှုပ်နေတာနဲ့ ဆွဲလှန်ကြည့်တော့ ကျသိန်းက အသက်ရှင်နေသေးပြီး ငါဆေးမသုံးဘူး၊ အရက်လည်းမသောက်ထားဘူး၊ စိတ်ဆိုးလို့သတ်ပစ်လိုက်တာ။ ငါ့ကိုဖမ်းဆိုပြီး လက်နှစ်ဖက်ထိုးပေးခဲ့တာ။"
မိုင်းတုံ မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ဇော်နိုင်က "ဇနီးနဲ့သားငယ်လေးက လည်ပင်းပြတ်နေတာ အရေပြားပဲကျန်တယ်။ သူကိုယ်တိုင်လည်း လည်ပင်းမှာလေးလက်မခန့် ပြတ်ရှဒဏ်ရာတချက်နဲ့ ဝမ်းဗိုက်မှာ ငါးလက်မလောက် ထိုးခွဲထားပြီး အူတွေလည်းထွက်နေတယ်။ အသက်ရှူနေပြီး စကားလည်း ပြောနေသေးလို့ ဆေးရုံကို အချိန်မီပို့ပေးခဲ့တာပါ" လို့ ပြောပါတယ်။
ကျသိန်းအား မိုင်းတုံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၉ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)