Homeမြန်မာသတင်း
ရန်ကုန်-မန္တလေးရထား ပုံမှန်ပြန်ပြေး၊ ဆွာနှင့် ရေတာရှည်ဘူတာအကြား ခရီးသည်များ ကားဖြင့် ပို့မည်
ရန်ကုန်-မန္တလေးရထား ပုံမှန်ပြန်ပြေး၊ ဆွာနှင့် ရေတာရှည်ဘူတာအကြား ခရီးသည်များ ကားဖြင့် ပို့မည်
ရွှေအောင်
·
August 31, 2018

ရန်ကုန်-မန္တလေး အစုန်အဆန်ရထားတွေကို သြဂုတ် ၃၁ ရက်မှာ ပုံမှန် ပြန်လည်ပြေးဆွဲမယ်လို့ မြန်မာ့မီးရထားက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အစုန်အဆန်အမြန်ရထားတွေကို ရထားလမ်းပိုင်း ပျက်စီးနေတဲ့ ဆွာဘူတာနဲ့ ရေတာရှည်ဘူတာကြားမှာ မော်တော်ကားနဲ့ ခရီးသည်ကူးပြောင်းခြင်း လုပ်ပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်-တောင်ငူကြား လမ်းဘူတာတွေက ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေစေရေးအတွက် အဆန်အထူးရထားကို အမှတ် ၇ အဆန်ရထားအချိန်စာရင်းအတိုင်း ထွက်ခွာပေးမယ်။
လမ်းခရီးမှာ ၃အဆန် ၃၁ အဆန် ၇ အဆန် ရပ်တန့်တဲ့ ဘူတာများမှာ ရပ်တန့်ပေးမယ်။ အစုန်အထူးရထားကို သြဂုတ် ၃၁ ရက်မှာ တောင်ငူကနေ ရန်ကုန်ကို ၃၂ အစုန်ရထား အချိန်စာရင်းအတိုင်း ပြေးဆွဲပေးမယ်။
လမ်းခရီးမှာ ၃၂ အစုန် ၈ အစုန် ၄ အစုန်အမြန်ရထားများ ရပ်တန့်တဲ့ ဘူတာတွေမှာ ရပ်တန့်ပေးသွားမယ်လို့ မီးရထားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရင် နေပြည်တော်-မော်လမြိုင် ပြေးဆွဲပေးနေတဲ့ လူစီးရထားကိုလည်း သြဂုတ် ၃၁ ရက်မှာ တောင်ငူ-မော်လမြိုင်ခရီးစဉ်အဖြစ် ယာယီပြောင်းလဲပြီး အစုန်/အဆန် ၁ ရက်ခြား ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။
သြဂုတ် ၂၉ ရက်က ပဲခူးတိုင်း၊ ဆွာချောင်းရေလှောင်တမံ ကျိုးကျခဲ့တာကြောင့် ဆွာနဲ့ ရေတာရှည်ကြား အထူးသဖြင့် ဆွာနဲ့ ကုန်ကြီးကြား ရထားလမ်းပိုင်းတွေ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။