ရန်ကုန်မြို့မှကလေးများ အာဟာရချို့တဲ့မှုဒဏ် အများဆုံးခံစားနေရ
ဆုဆုသွယ်
·
August 26, 2018

အာဟာရချို့တဲ့မှုကြောင့် ပိန်တဲ့ဝေဒနာတွေကို ရန်ကုန်မြို့က ကလေးငယ်တွေဟာ တခြားတိုင်းနဲ့ပြည်နယ်တွေက ကလေးတွေထက် အများဆုံးခံစားနေရတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။
ရန်ကုန်မြို့ဟာ လူဦးရေးထူထပ်သလို ပျံကျနေထိုင်သူတွေ၊ အနယ်အနယ်အရပ်ရပ်က ရွှေ့ပြောင်းနေထိုင်သူတွေ သိန်းနဲ့ချီ ရှိပါတယ်။ အဲဒီထဲမှာ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုကြောင့် ပိန်တဲ့ဝေဒနာ တွေကို အများဆုံးခံစားနေရတယ်လို့ ကျန်မားရေးဆိုင်ရာ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေနဲ့ လူထုအားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အ.ထ.က (၈) လှိုင်သာယာမှာ သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က “၂ဝ၁၅-၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းမှာ ရန်ကုန်တိုင်းဒေသကြီးက လတ်တလော အာဟာရ ချို့တဲ့မှုကြောင့် ကလေးတွေ ပိန်တဲ့ဟာပေါ့နော်။ အဲဒီဟာက မျိုးပွားမှုနှုန်းက အမြင့်ဆုံးရောက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ဆန်းစစ်ကြတဲ့ အခါမှာ လှိုင်သာယာတို့ ရွှေပြည်သာတို့လို ပျံကျများတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ များတဲ့အတွက် ဖြစ်ဖို့များတယ်။ ဒီနေရာတွေကို အားဖြည့်ပြီးလုပ်သင့်တယ်။ ဒါကတော့ ကျမတို့ရဲ့ အယူအဆပေါ့နော်။ လှိုင်သာယာလို နေရာမျိုးမှာဆိုရင် ကျမတို့ လူထုများကြီးကို လည်း ကျမတို့ လွှမ်းခြုံနိုင်မယ်။ လူထုထဲကိုလည်း ဆင်းပြီးလုပ်တယ်။ လူဦးရေကလည်း များတယ်။ အဲဒီလိုနဲ့ ရွေးဖြစ်ကြတာပါ။” လို့ ပြောပါတယ်။
အဲဒီပွဲမှာ အာဟာရဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တဲ့ လက်ကမ်းစာစောင်မျှဝေတာတွေ၊ အာဟာရ ဆိုင်ရာ ဗဟုသုတတွေ မေးခွန်းမေးမြန်းတာ၊ အာဟာရှိစေမယ့် အစားအစာတွေကို ချက်ပြုတ် ကျွေးမွေးတာ စတဲ့ ပညာပေးလုပ်ငန်းတွေကို ဖျော်ဖြေရေးတွေနဲ့ တွဲပြီး ပြည်သူတွေကြားမှာ အသိပညာတိုးအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
အာဟာရတာဝန်ခံ ဒေါက်တာပြည့်ဖြိုးအောင်က “ကိုယ်ဝန်ဆောင်ကနေစပြီး ဘယ်လိုအာဟာရ ဖွံ့ဖြိုးအောင် စားသုံးရမယ်။ ကလေး ၆ လအရွယ်အထိ မိခင်ရဲ့နို့ရည်တိုက်ရမယ်။ နောက်တခုက အာဟာရ အုပ်စု ၃ ခုပေါ့။ အဓိကမက်ဆေ့တွေကို ပေးတာပေါ့။ အိုင်အိုဒင်းဆား စားရမယ်။ သံချဆေး မှန်မှန်တိုက်ရမယ်။ ဒါမျိုးလေးတွေပေါ့ ကျနော်တို့ပေးချင်တဲ့ အဓိကအချက်အလက်တွေကို တက်ရောက်လာတဲ့ ကျောင်းသားလူငယ်တွေ၊ ကလေးတွေနဲ့ တက်ရောက်လာတဲ့ ပြည်သူတွေကတဆင့် အားလုံးကို ပျံ့သွားစေတဲ့ အဓိက အချက်အလက်တွေကိုပဲ ပေးတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ်တွေမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရလုံလောက်စွာ မရရှိတာနဲ့ ဗဟုသုတနည်းပါးတာတွေကြောင့် အာဟာရချို့တဲ့မှုတွေကို အများဆုံး ခံစားနေရ တာပါ။ အာဟာရချို့တဲ့ပြဿနာတွေကိုကာကွယ်နိုင်ဖို့ ပြည်သူကျန်းမားရေးဦးစီးဌာနကနေ ပညာပေးလုပ်ငန်းတွေ၊ ဖြည့်စွက်တာကျွေးမွေးတာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို သံဓာတ်အားဖြည့်ဆေး တိုက်ကျွေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။