ကျွန်းစုမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ရှင်းလင်းပွဲပြုလုပ်
DVB
·
August 26, 2018

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထော်၊ ပထက်ကျွန်းပေါ်မှာ ကုမ္ပဏီတွေက လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ရှင်းလင်းတင်ပြခြင်းကို သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပထော်ပထက်ကျွန်းရှိ စာသင်ကျောင်းမှာ ပြုလုပ်တဲ့ အဆိုပါရှင်းလင်းပွဲကို ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေတက် ရောက်ခဲ့ကြောင်း သိရပါတယ်။
ကျွန်းပေါ်ရှိ သင်္ဘောနဲ့ စက်လှေတည်ဆောက်တဲ့ ရေလုံလွန်းကျင်း၊ ကဏန်းပျော့ မွေးမြုရေးနဲ့ သစ်အချောထည်စက်ရုံတွေအတွက် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ဆောင်ခြင်းဖြစ်ပြီး တတိယအဖွဲ့အစည်းက ပြည်သူတွေကို ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။
“လုပ်ငန်းလုပ်ဆောင်ပြီးမှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းကို ဆောင်ရွက်တယ် ဆိုပေမယ့် စလုပ်မိပြီဆိုကတည်းက အခုထိ တောက်လျောက်လည်ပတ်လာရာမှာ အရင်ကထက်စာရင် ဘယ်လိုထိခိုက်မှု အနည်းဆုံးနဲ့ လုပ်ဆောင်ရမယ်ဆိုပြီး ဒီအစီရင်ခံစာကိုရေးဆွဲရတာပါ။ ဒီနေ့လုပ်တဲ့ ပွဲကပညာရှင်တွေရဲ့ ဆန်းစစ်ထားတဲ့အပိုင်းကို ဒေသခံပြည်သူတွေကို ချပြ ဆွေးနွေးတာပါ။ ကုမ္ပဏီအပိုင်းကတော့ ပတ်ဝန်ကျင်ထိခိုက်မှု နည်းအောင်သူတို့မြင်သမျှ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ကျန်ခဲ့တာရှိတယ်။ စီမံကိန်းတွေကို စုပေါင်းပြီးဖြစ်လာရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆန်းစစ်လုပ်ဆောင်ထားတယ်။ စီမံကိန်းကိုလည်း ထိခိုက်မှုနည်းမယ်။ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်သွားမယ့် အပိုင်းကိုဆန်းစစ်ပြီး လုပ်ဆောင်ပေးထားပါတယ်” လို့ တတိယအဖွဲ့အစည်းတခုဖြစ်တဲ့ Ever Green Tech မှ အကြံပေး ဒေါက်တာကျော်စွာတင့်က ပြောပါတယ်။
“အရင် အဆက်ဆက်လုပ်တာတွေက ကျနော်တို့လည်း မသိနားမလည်ခဲ့ကြဘူး။ အခုကျတော့ နည်းပညာတွေ မြင့်လာတယ်။ ပညာရှင်တွေကလည်း ထောက်ပြလာတယ်။ ဒါကြောင့် ဒီလိုပတ်ဝန်းကျင်ဆန်းစစ်မှုတွေ လုပ်ကြတာပါ။ ဒါလည်းကောင်းပါတယ်။ လုပ်သင့်ပါတယ်။ အမှိုက်နဲ့ ဘေးထွက်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ထားတယ်။ ဒီလိုပညာရှင်တွေ ခေါ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်တွေအတွက်ရော၊ ကုမ္ပဏီအတွက်ရော မြို့အတွက်ပါကောင်းပါတယ်။ ကျနော်တို့လည်း လိုက်နာဆောင်ရွက်မယ်” လို့ ပြည်ဖြိုးထွန်း သစ်အချောထည် စက်ရုံမန်နေဂျာ ဦးဆန်းထွန်းဝင်းက ပြောပါတယ်။
ပတ်ဝန်းကျင်ဆန်းစစ်မှု လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အဆိုပါကုမ္ပဏီမှာ စံပြ ဖြစ်ကြောင်း သို့ရာတွင်စံနှုန်းမီအောင် လုပ်ဆောင်ရမှာဖြစ်ပြီး သစ်ပင်စိုက်ရာမှာ ပိုင်ဆိုင်ထားတဲ့ ဧကရဲ့ ၃ဝ ရာခိုင်နှုန်းကို စိုက်ထားဖို့ လိုအပ်မှာဖြစ်တယ်လို့ 0FI မှ အမှုဆာင်ဒါရိုက်တာ ဦးတင်ကိုကိုဦးက ပြောပါတယ်။
ပထော်ပထက်ကျွန်းပေါ်မှာ ပြည့်ဖြိုးထွန်းနဲ့ အောင်မြတ်ဖြိုး ကုမ္ပဏီမှာ ၁၉၉၃ ခုနှစ်က စတင်လုပ်ငန်းလည်ပတ်နေပြီး သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်ကာ စက်ရုံလုပ်ငန်းတွေနဲ့ ရေ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေကာ အခုလုပ်ငန်း ၇ ခု အတွက် သြဂုတ်လ ၂၅ မှ ၂၆ အထိပတ်ဝန်းကျင်ဆန်းစစ် ခြင်းဆိုင်ရာ တွေ့ရှိချက်တွေကို ပြည်သူတွေကို ဆွေး နွေးတင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြတ်ထွဋ် (မြိတ်)