သမ္မတဟောင်းပိုင်ဆိုင်သည့် ၃ လုံးမြောက်အိမ်ကို အာဂျင်တီးနားရဲ ရှာဖွေ

အာဂျင်တီးနား ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးသူတွေဟာ သမ္မတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ပိုင်ဆိုင်တဲ့ ၃ လုံးမြောက်အိမ်ကို သြဂုတ် ၂၄ ရက်နေ့မှာ ရှာဖွေခဲ့ပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တွေဟာ အစိုးရလုပ်ပိုင်ခွင့်ချပေးတာကို လိုချင်တဲ့အတွက်  လာဘ်ထိုးတာတွေ ရှိခဲ့တယ်ဆိုတဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံရဲ့ တစိတ်တပိုင်းအနေနဲ့ ရဲတပ်ဖွဲ့က အခုလိုရှာဖွေခဲ့တာပါ။ ရဲတပ်ဖွဲ့ဟာ သမ္မတဟောင်းရဲ့ အယ်လ် ကာလာဖာတေးမြို့က အိမ်ကို ၀င်ရှာခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်ကလည်း မြို့တော် ဘရူနော့အေးရီးနဲ့ ရေရို ဂါယေးဂိုးစ်မြို့တွေက အိမ် ၂ လုံးကိုလည်း ၀င်ရှာခဲ့ပြီးပါပြီ။ သမ္မတဟောင်း ဖာနန်ဒက်ဇ် အစိုးရတာဝန်ယူချိန်မှာ ခန့်အပ်ခဲ့တဲ့ ယာဉ်မောင်းတဦးက သူဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေက အစိုးရအရာရှိတွေကို ပေးလာတဲ့ ငွေသားတွေ မှတ်တမ်းတင်ရတယ်လို့ ဒေသန္တရ သတင်းစာတစ်စောင်ကို ပြောကြားခဲ့ပြီးနောက်မှာ အခုလို ရှာဖွေမှုတွေ ထွက်ပေါ်လာတာပါ။ ကုမ္ပဏီပိုင်ရှင်တွေနဲ့ ဖာနန်ဒက်ဇ် အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိ တစ်ဒါဇင်ကျော်ဟာ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။ သမ္မတဟောင်း ဖာနန်ဒက်ဇ် ရရှိထားတဲ့ တရားစွဲဆိုမှု ကင်းလွတ်ခွင့်အကာအကွယ်ကို ဖယ်ရှားဖို့ အတိုက်အခံတွေက အာဂျင်တီးနားအထက်လွှတ်တော်ကို အခုလ ၂၁ ရက်မှာ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up