စက္ကူလေယာဉ်ချန်ပီယံ မောင်ထောင်းဒီး ထိုင်းနိုင်သားဖြစ်ခွင့်ရ
နန်းမြနဒီ
·
August 25, 2018

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၉ နှစ်က မြန်မာရွှေ့ပြောင်းလုပ်သားမိဘကနေ မွေးဖွားလာတဲ့ ကလေးငယ် ၁ ဦး စက္ကူနဲ့လေယာဉ်ပုံခေါက်ပြီး လေထဲပစ်လွှတ်ရတဲ့ အားကစားနည်းတမျိုးမှာ ထူးချွန်ပြောင်မြောက်လို့ ဂျပန်နိုင်ငံကို ထိုင်းကိုယ်စားပြုလူငယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးချယ်ခံခဲ့ရပါတယ်။
ထိုစဉ်က အသက် ၁၂ နှစ်ရွယ်ရှိ မောင်ထောင်းဒီး ဆိုသူ အဆိုပါကလေးငယ်မှာ ထိုင်းမှတ်ပုံတင်မရှိတာကြောင့် ဥပဒေအရ နိုင်ငံကူးလက်မှတ်လုပ်လို့မရဘဲ ခရီးသွားဖို့ အခက်ကြုံခဲ့ရပါတယ်။
ဆရာ/ဆရာမတွေက ခရိုင်ဝန်နဲ့ ၀န်ကြီးချုပ် အဘိဆစ်ထံ အသနားခံရာမှာ အထူးနိုင်ငံ ကူး လက်မှတ်နဲ့ ဂျပန်သွားခဲ့ရပြီး ထိုင်းနိုင်ငံအတွက် ဒုတိယဆု ငွေတံဆိပ်ဆွတ်ခူးပေး နိုင်ခဲ့ပါတယ်။
ထိုစဉ်က မောင်ထောင်းဒီးမှာ အလွန်နာမည်ကြီးသွားပြီး နည်းပညာဝန်ကြီးဌာနက ဘွဲ့ရသည်ထိ ပညာသင်ကြေးထောက်ပံ့ပေးမယ်လို့ ပြောဆိုခဲ့သလို အုပ်ချုပ်ရေးမှူးတွေက လည်း ထိုင်းနိုင်ငံသားပြုပေးမယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် မောင်ထောင်းဒီး အသက် ၂၀ ကျော်သည်အထိ တာဝန်ရှိသူတွေ ပြောခဲ့တဲ့ အရာ တခုမှ အကောင်အထည်မဖော်ဘဲ ငြိမ်သက်နေလို့ သူဟာ ဒီ ၂၀၁၈ ဇူလိုင်လကုန်ပိုင်း က သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ ပြည်ထဲရေးဌာနဆီကို နိုင်ငံသားဖြစ်ခွင့် ပြန်လည်လျှောက်ထား ခဲ့ပါတယ်။
သြဂုတ် ၂၃ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဌာနက မောင်ထောင်းဒီးဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းမှာအနည်းဆုံး ဆယ်နှစ်ဆက်တိုက်နေထိုင်သူ၊ ထိုင်းနိုင်ငံအတွက် ဂုဏ်ဆောင်ပေးခဲ့သူ၊ လက်ရှိ အများအကျိုး သယ်ပိုးဆောင်ရွက်နေသူ ၁ ဦးဖြစ်လို့ နိုင်ငံ သားဖြစ်ဖို့ ခွင့်ပြုလိုက်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ သွားရောက်ဆက်သွ ယ်ပြီး နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပြုလုပ်ဖို့ပါ ညွှန်ကြားစာပေးပို့ခဲ့ပါတယ်။
မောင်ထောင်းဒီးဟာ လောလောဆယ် သူပညာသင်ကြားခဲ့ရာ ဟွေ့ဆိုင်းအလယ်တန်းကျောင်းမှာပဲ ပြန်ပြီး အားကစားနည်းပြတယောက်အနေနဲ့ ကလေးတွေကို စက္ကူလေယာဉ်ပစ်နည်းတွေ သင်ကြားပေးနေပါတယ်။
လောလောဆယ် သူ့တပည့်လေးတွေ ပြိုင်ပွဲဝင်ဖို့ အပြင်းအထန်လေ့ကျင့်ပေးနေရတာမို့ လာမယ့် စက်တင်ဘာ ၃ ရက်နေ့ကျမှပဲ မှတ်ပုံတင်သွားရိုက်မယ်လို့ TNN သတင်းဌာနကို ပြောသွားပါတယ်။