မြန်မာလေတပ်ဦးစီးချုပ် Su-30SM ရုရှားတိုက်လေယာဉ် စမ်းသပ်မောင်းနှင်
DVB
·
August 23, 2018

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ မှာ ရုရှားတိုက်လေယာဉ် Su- 30SM ကို ကိုယ်တိုင်မောင်းနှင်ပြသခဲ့တယ်လို့ ရုရှားသတင်း အေဂျင်စီ TASS မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ သြဂုတ် ၁၇ ရက်က မော်စကိုမြို့အနောက်ဘက်က ကူဘင်ကာလေဆိပ်မှာ Su- 30SM တိုက်လေယာဉ်ကို အကူလေယာဉ်မှူးအဖြစ် ကိုယ်တိုင် မောင်းနှင်ခဲ့ပြီး၊ လေထဲတွင်မောင်းနှင်နေစဉ်မှာ လေယာဉ်မှူးအဖြစ် ပြောင်းလဲ တာဝန်ယူကာ လေကြောင်းသရုပ်ပြမှုတွေနဲ့ မောင်းနှင်ပြသခဲ့တယ်လို့ ရုရှားစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်လေယာဉ်အတူမောင်းနှင်ခဲ့တဲ့ ဗိုလ်ကြီးအဆင့်ရှိ ရုရှာလေယာဉ်မှူးက ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ လေယာဉ်မောင်းကျွမ်းကျင်မှုနဲ့ လေယာဉ်အသစ်ကို မှန်မှန်ကန်ကန် သင်ယူနားလည်နိုင်စွမ်းရှိမှုအပေါ် ချီးကျူစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ သြဂုတ် ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ ရုရှားနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပြီး ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒာ ဖိုမင်နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူး မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ရာမှာ Su-30 တိုက်လေယာဉ်တွေကို မြန်မာကိုရောင်းချဖို့ သဘောတူခဲ့တယ်လို့လည်း ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒာ ဖိုမင်က ပြောကြားခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ရုရှားနိုင်ငံ မှာ ကျင်းပနေတဲ့ နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ်နဲ့ နိုင်ငံတကာအမျိုးသားလုံခြုံရေး ဖိုရမ်ကို တက်ရောက်ဖို့ မော်စကိုမြို့မှာ ရောက်ရှိနေပါတယ်။
သတင်း - တင်အေးကျော်၊ ဓာတ်ပုံ-TASS