စီအိုင်အေညွှန်မှူးဟောင်း ဂျွန်ဘရန်နန်က တရားရင်ဆိုင်ရန် စဉ်းစားမည်ဟု ပြော

ဓာတ်ပုံ - Alex Wong/Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီအိုင်အေ ညွှန်မှူးဟောင်း ဂျွန်ဘရန်နန်ကို လုံခြုံရေးခွင့်ပြုမိန့် ရုပ်သိမ်းလိုက်ပြီးနောက် ဘရန်နန်က တရားရင်ဆိုင်ဖို့ စဉ်းစားမယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (စီအိုင်အေ) ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန်က အန်ဘီစီ သတင်းဌာနရဲ့ "Meet the Press" အစီအစဉ်မှာ အခုလို ပြောလိုက်တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တခြားလူတွေအပေါ် ဒါမျိုးမလုပ်အောင် တားဖို့ တရားရေး အကြံဉာဏ်တွေကို ရှေ့နေတွေက လာပေးနေတယ်လို့လည်း ဘရန်နန်က ပြောပါတယ်။ "ဒါဟာ သူ့ရဲ့ အခွင့်အာဏာ အလွဲသုံးစားမှု နမူနာ နောက်တခုပဲလို့ထင်တယ်၊ သူ့မှာ တယောက်ယောက်ကို ခွင့်ပြုမိန့် ရုပ်သိမ်းနိုင်စွမ်းရှိတယ် ဆိုပေမယ့် ဒါဟာ သင့်တော်တဲ့ အကြာင်းပြချက်တွေအတွက် လုပ်နေတာလို့ မဆိုလိုဘူး၊ တကယ်တော့ သူကိုယ်တိုင် လုပ်ငန်းစဉ်ကို ချိုးဖောက်နေတာပဲ၊ ဒါကြောင့် အရင်သီတင်းပတ်က သူက မီဒီယာတွေကို တခြားကိစ္စတွေဆီကနေ အာရုံလွှဲဖို့ ပုံစံထုတ်နေခဲ့တာလို့ ထင်တယ်" လို့ ဘရန်နန်က ပြောပါတယ်။ ဆက်လက်ပြီး သူက "ကျေနာ့်ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ ကျနော်က အခုနွံထဲကနေ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်နေတယ်၊ ကျနော့်အတွက် ပေးဆပ်ရတာက တန်ကြေးနည်းပါတယ်၊ တခြားလူတွေကို ဒါမျိုး ထပ်မလုပ်အောင် ဒေါ်နယ်ထရမ့်ကို တားဖို့ တန်ရာတန်ကြေးကို ကျနော်တို့ ပေးမယ်၊ အနာဂတ်မှာ ဒါမျိုး အလွဲသုံးစားမှုကို ဟန့်တားဖို့ ကြိုးစားရေး ကျနော့် တကိုယ်ရည်အရ နိုင်သလောက် ကျနော်လုပ်သွားမယ်၊ တရားရုံးကို သွားရမယ်ဆိုရင်တောင် ကျေနာ် သွားမှာပဲ" လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရအပေါ် အခြေအမြစ်မရှိ တရားလွန် ဆက်တိုက်စွပ်စွဲနေတယ်လို့ ထရမ့်က ပြောရင်း အိုဘားမားအစိုးရလက်ထက်က စီအိုင်အေညွှန်မှူး ဘရန်နန်ကို ထရမ့်က လုံခြုံရေးခွင့်ပြုမိန့် ရုပ်သိမ်းခဲ့တာပါ။ ထရမ့်ကိုဝေဖန်တဲ့ စာအုပ်ကို ရေးသူ အိမ်ဖြူတော် လက်ထောက်အရာရှိဟောင်း အိုမာရိုဆာ နယူးမဲန်းကို ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်ခဲ့တာပါ။ ဒီ့အတွက် ဘရန်နန်က ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ပါတယ်။ "လျော်ကန်သင့်မြတ်မှု၊ ရည်မွန်မှုနဲ့ သမာဓိနယ်ပယ်မှာ အနိမ့်ဆုံးစံချိန်နဲ့ နေဖို့တောင် ဘယ်လောက် ပျက်ကွက်ခဲ့ပြီးပြီလဲဆိုတာ အလွန်အံ့အားသင့်ဖို့ ကောင်းတယ်၊ ကောင်းမွန် သိက္ခာရှိပြီး ရိုးသားတဲ့လူတယောက် ဖြစ်ဖို့ ဘာလိုလဲ၊ သမ္မတဖြစ်ဖို့ အဓိပ္ပာယ်က ဘာလဲဆိုတာ ဘယ်တော့မှ နားလည်မှာမဟုတ်မယ့်ပုံပဲ၊ ကျနော်တို့နိုင်ငံအတွက် အင်မတန် အန္တရာယ်ရှိတယ်" လို့ ဘရန်နန်က တွစ်တာ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up