Live
Home
မြန်မာသတင်း
ခရီးသွားမြှင့်တင်ရေးအတွက် မြန်မာ့ရိုးရာအစားအစာပြပွဲ ပထမဆုံးအကြိမ် ပုဂံတွင် ကျင်းပ
DVB
·
August 19, 2018
ပုဂံဒေသ ခရီးသွားမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ အစားအစာပြပွဲကို မန္တလေးတိုင်း ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းများအဖွဲ့က ဦးဆောင်ပြီး ဒီပွဲကို ပုဂံမြို့ လောကနန္ဒာဘုရားပွဲ ရာသီမှာ ကျင်းပခဲ့တာပါ။ မန္တ​လေးဇုန်​ စား​သောက်​ကုန်​လုပ်​ငန်းရှင်​များအသင်းဒုဥက္ကဋ္ဌ ဦးသင်္ကြန်ကျော် “ကျနော်တို့ နယ်အသီးသီးမှာ ဇုန် ၉ ဇုန်ရှိပါတယ်။ ပုဂံဇုန်၊ မန္တလေးဇုန်၊ ရန်ကုန်ဇုန်၊ ထားဝယ်ဇုန်၊ ကျိုက်ထိုဇုန်၊ မော်လမြိုင်ဇုန်၊ ကရင်ဇုန်၊ ကယားဇုန်၊ ရှမ်းဇုန်ဆိုပြီး အားလုံး ၉ ဇုန်ကနေ ပုဂံမြေရဲ့ ခရီးသွားလာမှုကိုမြှင့်တင်ရေးကို အထောက်အကူပြုတဲ့အနေနဲ့ ကျနော်တို့လာရောက်ကျင်းပရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီပွဲမှာ တိုင်းရင်းသားဒေသတွေကနေ ရိုးရာအစားအစာတွေကို လာရောက်ပြသသူတွေကတော့ စီးပွားရေးအရ တွက်ခြေမကိုက်ပေမယ့် ရိုးရာအစားအစာကိုသာ အဓိက ပြသလိုတာကြောင့် ဒီပွဲကိုလာခဲ့ကြသူတွေလည်း ရှိပါတယ်။ ကယားပြည်နယ် လွိုက်ကော်မြို့ကနေ ရိုးရာအစားအစာ လာပြသသူ မနန်းဝေဝေထွန်း က “ဒါက ပထမဆုံးအကြိမ်လည်း ဖြစ်တယ်ဆိုတော့ တကယ်တန်း စီးပွားရေးအရ တွက်ရမယ်ဆိုရင်တော့ ကိုက်တယ်၊ မကိုက်ဘူးဆိုတာက လက်ရှိမှာတော့ အဆင်မပြေသေးဘူးပေါ့နော် ဘာလို့လဲဆိုတော့ ခရီးသွားဦးရေကို မခန့်မှန်းနိုင်တာပေါ့။ တကယ်တန်းလုပ်မယ်ဆိုရင်တော့ ကိုက်တယ်။ ခုလောလောဆယ်တော့ ကျမတို့က ဒေသအစားအစာကိုပြသခြင်းပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီပွဲကို သြဂုတ်လ ၁၇၊ ၁၈၊ ၁၉ ရက်တွေ ကျင်းပတာဖြစ်ပြီး ကရင် မျှစ်ထမင်းချဉ်၊ မွန် ကပျာကယာမုန့် စတဲ့ ဒေသထွက်အစားအစာတွေသာမက ဒေသထွက် အဝတ်အထည်နဲ့ လက်ဆောင်ပစ္စည်းတွေကိုပါ ပြသရောင်းချပေးခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024