သရက်-အောင်လံတံတားကို ကျပ် ၇၅ ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်မည်
DVB
·
August 19, 2018

မကွေးတိုင်း ဧရာဝတီတံတား(သရက်-အောင်လံ)ကို နိုင်ငံတော်က ကျပ် ၇၅ ဘီလီယံ ခန့် ကုန်ကျခံပြီး တည်ဆောက်မယ်လို့ မကွေးတိုင်း ဆောက်လုပ်ရေးဝန်ကြီးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး သရက်မြို့သရက်ခရိုင်ခန်းမမှာ သြဂုတ်လ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီက ဧရာဝတီတံတား(သရက်-အောင်လံ)တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး မကွေးတိုင်း ဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတက်ရောက်ကာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့တာပါ။
ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်မှ သရက်-အောင်လံ-နေပြည်တော်ကို ဖြတ်ပြီး တရုတ်ပြည်အထိ ဆက်သွယ်နိုင်ဖို့အတွက်ခန့်မှန်းအရှည် ၂၃၀၀ မီတာ ဧရာဝတီမြစ်ကူး တံတားကို နိုင်ငံတော်က ၇၅ ဘီလီယံကုန်ကျခံတည်ဆောက်တော့မှာ ဖြစ်ပါတယ်။
မကွေးတိုင်းဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး က “တံတားဖြစ်ပေါ်လာပါက အများစုအတွက်တော့ ပိုကောင်းလာနိုင်ပြီး တချို့တွေတော့မြေသိမ်းခံရလို့ လယ်မြေပိုင်ဆိုင်မှု လျော့နည်းကာ နစ်နာမှုရှိနိုင်တယ်။ ဒါပေမယ့် အခုအစိုးရလက်ထက်မှာတော့ အရင်လိုမဟုတ်ဘဲ မနစ်နာစေရပါဘူး။ နစ်နာမှုအတွက် အပြည့်အဝပေးမှာတော့ သေချာပါတယ်”လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) ညွှန်ကြားရေးမှူး ဦးထွန်းလင်း က “သရက်-အောင်လံဧရာဝတီမြစ်ကူးတံတားတည်ဆောက်ဖို့ long time ကတည်းက နိုင်ငံတော် လမ်းကွန်ရက် plan ရေးဆွဲထားပြီး လွှတ်တော်မှာ ကျောက်ဖြူစီးပွားရေးဇုန် အကောင်အထည် ဖော်ဖို့ နိုင်ငံတော်နဲ့ တရုတ်နိုင်ငံချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ မူအားဖြင့် သဘောတူထားပြီး ဖြစ်တယ်”လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်က “သရက်၊ အောင်လံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အသေးစိပ်အချက်အလက်ပြုစုပြီး ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့လို့ ပြည်ထောင်စုဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်ပြီး တံတားတည်ဆောက်မယ်လို့ ကတိရရှိခဲ့ကာ တံတားဆောက်လုပ်ဖို့ စီမံကိန်းပေါ်ပေါက်လာတာဖြစ်တယ်”လို့ ပြောပါတယ်။
တံတားတည်ဆောက်ရာမှာလည်း ဒေသခံပြည်သူတွေရဲ့ အကြံပြု ထောက်ပြဝေဖန်ဆွေးနွေးတဲ့ အသံတွေကို နားထောင်ပြီး လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာစွာရှိဖို့ အသင့်တော်ဆုံး လမ်းကြောင်းရွေးချယ်ပြီး ၂၀၁၈/၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံဆောက်လုပ်ရေး ကျွမ်းကျင်အဂျင်အင်ဂျင်နီယာတွေနဲ့ စတင်ဆောက်လုပ်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
တံတားတည်ဆောက်ရေးလမ်းကြောင်း ရွေးချယ်ရာမှာ မြို့ရှောင်လမ်းသဘော ဖြစ်သွားမယ်ဆိုရင် နဂိုကဖွံ့ဖြိုးမှု နောက်ကျကျန်နေတဲ့ သရက်မြို့အတွက် စည်ကားမှုမရှိဘဲ ပိုမိုခြောက်သွေ့နစ်နာမှုတွေရှိနိုင်တယ်လို့ ရပ်မိရပ်ဖ ဦးမြက ပြောပါတယ်။
“မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ မြို့အတော်များများက မြစ်ရိုး တလျောက် မြစ်ကူးတံတားတည်ဆောက်တာမှာ မြို့ကိုမြို့လယ်နဲ့ မြို့ဆင်ခြေဖုံးကနေ ဖောက်လုပ်တာဖြစ်ပြီး သရက်မြို့က တံတားတည်ဆောက်မယ့် လမ်းကြောင်းက မြို့နဲ့ အလှမ်းဝေးနေလို့ မြို့ရှောင်လမ်းသဘောဖြစ်သွားခဲ့ရင် အရင်ထက်ခြောက်သွေ့နိုင်တယ်”လို့ ပြောပါတယ်။
သရက်မြို့ကနေ အောင်လံမြို့ကို စက်တပ်ရေယာဉ်(ပဲ့ထောင်)တွေနဲ့ တစီးတည်းရှိတဲ့ ဇက်ရေယာဉ်ကို အချိန်ပေးစောင့်ဆိုင်းနေရတဲ့အပြင် စရိတ်များပြားကုန်ကျခံ သွားလာနေရတာမို့ ဖွံ့ဖြိုးမှုနောက်ကျခဲ့ပြီး တံတားတည်ဆောက်ပြီးပါက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ဖွံ့ဖြိုးလာမယ်လို့ ဒေသခံတွေက မျှော်လင့်နေပါတယ်။
သတင်း - ဘဦး