တရားခံဖြစ်အောင် စနစ်တကျလုပ်ကြံဖန်တီးခံရဟု ဇေယျာဖြိုးထွက်ဆို
အောင်သူ
·
August 16, 2018

ရှေ့နေ ဦးကိုနီကိုသတ်ခိုင်းတဲ့တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အတွက် ထောက်လှမ်းရေး တပ်ဖွဲ့ဟောင်းတဦးဖြစ်တဲ့သူ့ကို စနစ်တကျလုပ်ကြံပြီး တရားခံဖြစ်အောင် ဖန်တီးလိုက်တာလို့ ဇေယျာဖြိုးက တရားရုံးတော်မှာထွက်ဆိုပါတယ်။
ဦးကိုနီကိုသတ်ခဲ့တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ၆၈ ကြိမ်မြောက်အဖြစ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ရုံးထုတ်ရာမှာ ဇေယျာဖြိုးကို စစ်ဆေးခဲ့ တာပါ။
စစ်ဆေးချိန်မှာ ဇေယျာဖြိုးက ပြည်ထဲရေးကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူနဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေက လုံးဝမှန်ကန်မှုမရှိဘူးလို့ လည်း ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
ပြည်ထဲရေးကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငွေသိန်း ကျပ် ၁၀၀၀ ပေးဖို့ လွှဲနေတယ် ဆိုတဲ့ဓာတ်ပုံဟာ ငွေလွှဲနေချိန်မှတ်တမ်းတင်တဲ့ပုံမဟုတ်ဘဲ ပူးပေါင်းအဖွဲ့က ဇေယျာဖြိုးအိမ်ကို ဝင်ရှာတဲ့အခါမှာ ရှာဖွေပုံစံစာရွက်ကိုင်ခိုင်းပြီး ရိုက်ယူထားတဲ့ပုံဖြစ်တယ်လို့လည်း ဇေယျာဖြိုးက ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ထဲရေးဌာနအနေနဲ့ ပြန်ပြီးဖြေရှင်းသင့်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။